နိုဝင်ဘာ

အခုရွေးကောက်ပွဲနီးလာတာနဲ့အမျှ ပြည်သူလူထုဟာ ကိုဗစ်-၁၉ အတွက်ထုတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းဘောင် အတွင်းကနေဖို့ အင်မတန်မှအရေးကြီးပါတယ်။ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အောင်နိုင်ရေးနဲ့ပတ်သက်လို့ လှုပ်ရှားနေတဲ့ ပါတီအသီးသီးဟာ စည်းမျဉ်းစည်းကမ်းတွေကို သတိပြုပြီးလိုက်နာစေချင်ပါတယ်။ ဒါဟာအများရဲ့ ကျန်းမာရေး အတွက်လည်းဖြစ်တယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် သည်းခံကြပါ။ အောင်နိုင်ရေးကို အင်တိုက်အားတိုက် လုပ်ချင်ကြတယ်ဆိုပေမယ့် အရေးကြီးတာကတော့ ၈ ရက်နေ့ကျရင် အင်တိုက်အားတိုက် မဲပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကြိုတင်မဲပေးခွင့်ရှိသူတွေကလည်း ၈ ရက်နေ့ မတိုင်ခင် စပြီးမဲပေးနိုင်ပါတယ်။ ဒါကြောင့် မဲပေးဖို့အတွက် ကိုယ့်ရဲ့အင်အားတွေကိုစုထားပါ။ အောင်နိုင်ရေးအတွက် ပါတီတိုင်းက သူတို့ရဲ့ တာဝန်အရ စည်းမျဉ်းစည်းကမ်းဘောင်အတွင်းက လုပ်သင့်လုပ်ထိုက်တာတော့ လုပ်ရမှာပေါ့။ ကျွန်မတို့ပြည်သူ တွေက ကိုယ်ထောက်ခံတဲ့ပါတီကို ဝန်းရံတဲ့နေရာမှာ ကိုပစ်စည်းမျဉ်းစည်းကမ်းဘောင်ကျော်သွားတာတွေလည်း ရှိတတ်ပါတယ်။ အဲဒါတွေကို သတိပြုပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

(Coronavirus Disease 2019 (CovID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၃-၁၀-၂၀၂၀ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)