ရန်ကုန်  ၁၆  စက်တင်ဘာ 


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနနှင့် Mekong-Lancang Cooperation တို့ပူးပေါင်းကျင်းပသည့် မဲခေါင်-လန်ချန်းစီမံကိန်း မိတ်ဆက်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ Mercure Hotel ၌ ကျင်းပသည်။


အခမ်းအနားတွင် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက အမှာစကားပြောကြားပြီး ငါးလုပ်ငန်းဦးစီးဌာန ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းလဲ့က မဲခေါင်-လန်ချန်း စီမံကိန်း၏ အဓိကထားဆောင်ရွက်မည့် ထုတ်ကုန်ပစ္စည်းနှင့် ထုတ်လုပ်သည့်ဒေသများအား ရွေးချယ်ထားမှုအပေါ်  ဆွေးနွေးသည်။


ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးကြပြီး မဲခေါင်-လန်ချန်းစီမံကိန်း အကောင်အထည်ဖော်မည့် SMEs Products များအား အတည်ပြုသတ်မှတ်ကြသည်။


မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ ဒုတိယအသုတ် (၂၀၁၈) စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိရာတွင်  စီမံကိန်း ၂၃ ခုကို အဆိုပြုခဲ့ရာ ငါးလုပ်ငန်းဦးစီးဌာနက စီမံကိန်း ၁၂ ခု ရွေးချယ်ခံရပြီး မြန်မာနိုင်ငံရှိ အသေးစား၊ အလတ်စား ငါး၊ ပုစွန်ပြုပြင်ထုတ်လုပ်သည့် စက်ရုံများမှ မိရိုးဖလာနည်းဖြင့် ထုတ်လုပ်သည့် ရေထွက်ပစ္စည်းများ၊ အစားအစာအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးကောင်းမွန်ရေးဆိုင်ရာ စီမံကိန်းအတွက် ထောက်ပံ့ကြေးငွေရရှိခဲ့ကြောင်း သိရသည်။


မဲခေါင်-လန်ချန်း စီမံကိန်းကာလမှာ ၂၀၁၉ ခုနှစ် ဇူလိုင်လမှ ၂၀၂၀ ခုနှစ် စက်တင်ဘာလအထိဖြစ်ပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီး လေးခုတို့၌ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ တိုင်းဒေသကြီး တစ်ခုစီတွင် ထုတ်ကုန်အမျိုးအစား(၆)မျိုးကို အဓိကသတ်မှတ်ထားပြီး အရည်အသွေး ကောင်းမွန်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုဆိုင်ရာစနစ်များ အကောင်အထည်ဖော် ဆောက်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း၊ဓာတ်ပုံ- ဇော်မင်းလတ်(MNA)