မဲစာရင်းပြုစုရာတွင် အခြေခံရမည့် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်ရေး ပြန်လည်တိုက်ဆိုင် စစ်ဆေးရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကျင်းပ

 

နေပြည်တော် နိုဝင်ဘာ ၃၀

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ( ၂၀၀၈ ခုနှစ် ) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ကျင်းပပြုလုပ်ပေးမည်ဖြစ်သည့်အတွက် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်ပြီးဥပဒေနှင့်အညီ မဲပေးနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းများကိုလည်း အလေးအနက်ထား ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မဲစာရင်းပြုစုရာတွင် အခြေခံရမည့် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်ရေး ပြန်လည်တိုက်ဆိုင်စစ်ဆေးရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဘရန်ရှောင်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ မေလအတွင်း ဆောင်ရွက်ပြီးစီးခဲ့ပြီး ရရှိလာသည့် စာရင်းများပေါ်တွင်အခြေခံ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ လစဉ်တိုက်ဆိုင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ ပြည်ထောင်စုနယ်မြေ ၈ မြို့နယ်အတွင်းရှိ ဥပဒေနှင့်အညီနေထိုင်သော လူဦးရေစာရင်းကို မြို့နယ်တစ်ခုနှင့် တစ်ခု အပြန်အလှန် တိုက်ဆိုင်စစ်ဆေးခြင်း ( Cross-check ) ဆောင်ရွက်လျက်ရှိကြောင်း၊ တွေ့ရှိလာသည့် ( ၂ ) ကြိမ်၊ ( ၃ ) ကြိမ်၊ ( ၄ ) ကြိမ်နှင့်အထက် ထပ်နေသည့်စာရင်းများရှိကြောင်း၊ ယင်းစာရင်းများ မှန်ကန်စေရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှစိစစ်၍ အမြန်ဆုံးပြီးစီးရန် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုနယ်မြေ ၈ မြို့နယ်၏ ဥပဒေနှင့်အညီနေထိုင်သူများစာရင်းကို မြို့နယ် တစ်ခုနှင့်တစ်ခု အပြန်အလှန် တိုက်ဆိုင်စစ်ဆေးခြင်း ( Cross-check ) ဆောင်ရွက်ရာ၌ တွေ့ရှိရသည့် အချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင် က ရှင်းလင်းတင်ပြသည်။

 

ဆက်လက်ပြီး ပြည်ထောင်စုနယ်မြေ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက လုပ်ငန်း အမြန်ပြီးပြတ်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး တင်ပြချက်များအပေါ် ကော်မရှင်အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးကြသည်။

 

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဘရန်ရှောင် က နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုနယ်မြေ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဥပဒေနှင့်အညီ နေထိုင်သူများစာရင်းကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန် တိုက်ဆိုင်စစ်ဆေးခြင်း ( Cross-check ) လုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်