မာရဝိဇယဆိုတဲ့အတိုင်းပဲ တိုင်းပြည်ကြီးက သာယာဝပြောပြီး တိုးတက်လာတော့မယ်ဆိုတဲ့ အတိတ်နိမိတ်ပါပဲ။ ဘုရားကြီးရဲ့ ဂုဏ်တော်တွေကိုလည်း ကမ္ဘာကိုပျံ့နှံ့အောင်ဆောင်ရွက်ပေးတဲ့အတွက် တာဝန်ရှိသူအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်

ဦးဇဝန

တွေ့ဆုံမေးမြန်း - တင်မောင်လွင်၊ ဓာတ်ပုံ-မောင်ဥက္ကာ

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၈ ရက်မှ ၁၆ ရက်အထိ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း အခမဲ့လာရောက်ဖူးမြော်ကြည်ညိုနိုင်ရန် ဖွင့်လှစ်ထားရာ တတိယနေ့ဖြစ် သည့် ဩဂုတ် ၁၀ ရက်(ယနေ့) တွင်လည်း နံနက် ၆ နာရီမှစတင်၍ အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူအများအပြား အထူးစည်ကားစွာ လာရောက်ဖူးမြော်ကြည်ညိုကြသည်ကို ကြည်နူးစွာ တွေ့မြင်ရသည်။

ဉာဏ်တော် ၆၃ ပေ၊ ပလ္လင်တော် ၁၈ ပေ စုစုပေါင်း ၈၁ ပေ အမြင့်ဆောင်သည့် အဆိုပါ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ရတနာပုံခေတ်ဟန်အတိုင်း ခေတ်မီနည်းစနစ်ဖြင့် ပေါင်းစပ်ကာ ကြည်ညိုစဖွယ်သပ္ပာယ်လှသည့် ကမ္ဘာ့အကြီးဆုံး ရုပ်ပွားတော်မြတ်ကြီးအဖြစ် အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့ပြီး ယခုကဲ့သို့ အများပြည်သူအား အခမဲ့ဝင်ရောက် ဖူးမြော်ကြည်ညိုခွင့်ပြုခဲ့ခြင်းဖြစ်သည်။

မှိုင်းပျပျကောင်းကင်အောက်တွင် သာယာလှပသည့် တိမ်သားတိမ်လိပ်များနှင့်အတူ အလွန်ကြည်ညို သပ္ပာယ်လွန်းလှသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား လာရောက်ဖူးမြော်ကြသည့် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူတချို့အား ၎င်းတို့ကိုယ်တိုင် ဖူးတွေ့ခွင့်ရသည့် ရင်တွင်းခံစား ဝမ်းသာပီတိစကားသံများကို ဖော်ပြ ပေးလိုက်ပါသည်။

ဦးဇဝန

(တပ်ကုန်းမြို့ ငွေတောင်တောရကျောင်းတိုက်)

ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူကျောက်ဆစ် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ယခုလို ဖူးမြော်ခွင့်ရတာ အင်မတန်ကြည်ညိုစရာကောင်းလှကြောင်း ပထမဆုံးပြောကြားလိုပါတယ်။ မြတ်စွာ ဘုရားဟာ မာရ်ငါးပါးကို အောင်မြင်တော်မူသလို ပြည်သူပြည်သားအားလုံးဟာလည်း ရန်အပေါင်း တို့ကင်းငြိမ်းပြီး အေးအေးချမ်းချမ်းရှိကြပါစေ။ မာရဝိဇယဆိုတဲ့အတိုင်းပဲ ဘုန်းဘုန်းတို့ တိုင်းပြည် ကြီးက သာယာဝပြောပြီး တိုးတက်လာတော့မယ်ဆိုတဲ့ အတိတ်နိမိတ်ပါပဲ။ ဘုရားကြီးရဲ့ ဂုဏ်တော် တွေကိုလည်း ကမ္ဘာကိုပျံ့နှံ့အောင် ဆောင်ရွက်ပေးတဲ့အတွက် တာဝန်ရှိသူများအားလုံးကို အထူးပဲကျေးဇူး တင်ရှိပါတယ်လို့ ပြောလိုပါတယ်။ ဘုရားကြီးရဲ့ ရင်ပြင်တော်ပေါ်ကို အလွယ်တကူ တက်ရောက် ဖူးမြော်ကြည်ညိုနိုင်ဖို့ စက်လှေကားတွေ ထည့်သွင်း ဆောက်လုပ်ပေးထားတာတွေ ကလည်း မသန်စွမ်းသူတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် တော်တော် လေးကို အဆင်ပြေအောင် ဆောင်ရွက်ပေးထားတာ တွေ့မြင်ရလို့ ဝမ်းသာပီတိဖြစ်မိပါတယ်။ နောက်ပြီး ကျောက်စာရုံတွေ မှာလည်း ပါဠိအက္ခရာ၊ Romanize Language ဘာသာတွေ ထည့်သွင်းပေးထားတာ ဖြစ်တော့ ကမ္ဘာကိုသိအောင် ဆောင်ရွက်ပေးထား တာဖြစ်လို့ ပိုကောင်းသွားတာပေါ့။ နိုင်ငံခြားသားတွေ လာရောက် လေ့လာကြမယ်ဆိုရင် ဘာသာပြန်စရာလည်း မလိုတော့ဘူး၊ ပိုအဆင်ပြေသွားပါတယ်။ ဘာပဲဖြစ်ဖြစ် ဘုန်းဘုန်းအနေနဲ့ အခုလိုလာရောက် ဖူးမြော်ခွင့်ရတာကိုပဲ အလွန်ကို ဝမ်းသာပီတိဖြစ်မိပါတယ်။

ဦးဇောတိက

(လယ်ဝေးမြို့ မြသိန်းတန်ပရိယတ္တိစာသင်တိုက်)

မြန်မာပြည်က ဗုဒ္ဓဘာသာနိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာနိုင်ငံမှာ အစဉ်အလာအရ မင်းကောင်းမင်းမြတ်တွေဟာ ဘုရားတည်၊ ကျောင်းဆောက်ကုသိုလ်တရားတွေ ပြုလုပ်သွားကြတယ်။ အခုလည်း ဘုရားတည်ပြီး သာသနိကအဆောက်အအုံတွေ ဆောက်လုပ်ပေး တာဟာ တိုင်းပြည်အတွက် အများကြီးအကျိုးထူး ပါတယ်။ အများပြည်သူဖူးမြော်လေ့လာလို့ရအောင် တာဝန်ရှိသူတွေအနေနဲ့ အခုလိုဆောင်ရွက်ပေးလို့ ဘုန်းဘုန်းအနေနဲ့ အများကြီးကြည်နူးဝမ်းသာ ဖြစ်မိပါတယ်။ အခုလို ကမ္ဘာ့အကြီးဆုံး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ခက်ခက်ခဲခဲနဲ့ တည်ဆောက်နိုင်တာဟာ ထေရဝါဒနိုင်ငံတွေထဲမှာ ဒီနိုင်ငံတစ်နိုင်ငံတည်းပဲရှိလို့ တင့်လည်းတင့်တယ် သလို ဂုဏ်လည်း ဂုဏ်ယူရပါတယ်။ ဘုန်းဘုန်း တို့အနေနဲ့ မကြာခဏလာရောက် ဖူးမြော်ဦးမှာပါ။

ဒေါ်မိတ္တာထေရီ

(ဓမ္ဓဝိဟာရပရိယတ္တိစာသင်တိုက် မန္တလေးမြို့)

ဘုရားတကာတွေ ပြောပြကတည်းက ဒီလောက်ကြီးမားတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးချင်ခဲ့တာ အခုမှပဲဖူးခွင့်ရလို့ မန္တလေးဘက်ကနေ ကားနှစ်စီးငှားပြီး စာသင်တိုက်က ဆရာလေးတွေနဲ့အတူ လာရောက်ဖူးမြော်ခြင်းဖြစ်ပါတယ်။ အပြင်မှာ လက်တွေ့ဖူးမြော်ခွင့်ရတော့ ဘုရားကြီးက တကယ့်ကို သပ္ပာယ်လှပါတယ်။ ဆောက်လုပ်ပေးတဲ့ ပညာရှင်တွေကလည်း တော်ပါပေတယ်။ အခုလို အောင်မြင်အောင် ဆောက်လုပ်ဖို့ဆိုတာ တအားခက်ပါတယ်။ ထုဆစ်ထားတာကလည်း စကျင်ကျောက် ဖြစ်တဲ့အတွက် သမိုင်းဝင် သမိုင်းတွင်မယ့်ထူးခြားတဲ့ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ဖြစ်ပါတယ်။ မြန်မာ့ ဂုဏ်ဆောင်မယ့် ဘုရားကြီးပါပဲ။ ဘုရားရင်ပြင်တော် ပေါ် စတက်လိုက်ကတည်းက စကျင်ကျောက်သား တွေနဲ့ချည်း ပြုလုပ်ထားတာဆိုတော့ သွားရလာရ တာကအစ အေးချမ်းမှုရှိပါတယ်။ သွားရေးလာရေး ကအစ အားလုံးအဆင်ပြေအောင် စီစဉ်ဆောင်ရွက် ပေးထားလို့ လာရောက်ဖူးမြော်သူတွေအတွက်လည်း တကယ့်ကို အဆင်ပြေမယ်လို့ ထင်ပါတယ်။

ဦးသန်းဆွေ

(နေပြည်တော်)

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ကျွန်တော့်အနေနဲ့ လာရောက်ဖူးမြော် ကြည်ညိုခွင့် ရလို့ အလွန်ပဲကြည်နူးဝမ်းသာဖြစ်မိပါတယ်။ ဒီမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဟာ ဉာဏ်တော်အမြင့်ဆုံးနဲ့ အကြီးဆုံးကျောက်ဆစ်ရုပ်ပွားတော်ကြီး ဖြစ်ပြီးကမ္ဘာမှာ ထူးခြားအံ့ဩဖွယ်ကောင်းလောက်တဲ့ ဗုဒ္ဓဆင်းတုတော်ကြီးဖြစ်တာကြောင့် ဦးဆောင် ဘုရားတကာကြီးနဲ့ အလှူရှင်ဒါယကာ ဒါယိကာမ အပေါင်းတို့လည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ပါစေကြောင်း ကျွန်တော့်အနေနဲ့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ အခုလိုဘုရားကြီးရဲ့ ထူးခြားအံ့ဖွယ်တွေကြောင့် လာရောက်ဖူးမြော်ကြသူတွေလည်း တဖွဲဖွဲနဲ့ လာရောက်နေတာမြင်တွေ့ရတော့ တကယ့်ကို စိတ်ထဲကြည်နူးဝမ်းသာလည်း ဖြစ်မိပါတယ်။ လာရောက်ဖူးမြော်ကြသူအားလုံးကိုလည်း အေးအေး ချမ်းချမ်းနဲ့ အခမဲ့ဖူးမြော်ခွင့်ရအောင် စီစဉ်ပေးလို့ တာဝန်ရှိသူတွေအားလုံးကို အထူးကျေးဇူးတင် ကြောင်း ပြောချင်ပါတယ်။

ကိုဇော်ရဲတင်

(ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့)

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အလွန် အင်မတန်ကို ဖူးမြော်ချင်လွန်းလို့ ကျွန်တော်တို့အနေနဲ့ တစ်မိသားစုလုံး ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ကနေ ပင်ပင်ပန်းပန်းနဲ့လာခဲ့တာပါ။ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး စပြီးတည်ကတည်းက သတင်းတွေထဲမှာ၊ ရုပ်မြင်သံကြားတွေမှာရောကြည့်ရပါတယ်။ အဲဒီကတည်းက လာရောက်ဖူးချင်နေတာပါ။ ဘုရားကြီးတည်‌ဆောက်ပြီးစီးသွားတဲ့ အခမ်းအနားတွေကို လည်း ရုပ်မြင်သံကြားတွေမှာ ဖူးမြော်ခွင့်ရတော့ ဖူးမြော်ချင်စိတ်တွေက စိတ်ထဲမှာ တဖွားဖွားဖြစ်မိ ပြန်ပါတယ်။ ချက်ချင်းကို သွားဖူးချင်ခဲ့တာ၊ ဒါပေမယ့်အခုမှပဲ ဖူးမြော်ခွင့်ရခဲ့တာပါ။ အခုလို ဖူးမြော်ခွင့်ရလို့ လည်းဖူးချင်တဲ့ ဆန္ဒလေးတွေပြည့်သွားလို့ ရင်ထဲ ပြောမပြနိုင်လောက်အောင် ကြည်နူးပီတိဖြစ်မိပါတယ်။ ကမ္ဘာ့အကြီးဆုံး ကျောက်ဆစ်ရုပ်ပွားတော် မြတ်ကြီးဖြစ်လို့ ကျွန်တော်တို့ ဗုဒ္ဓဘာသာအနေနဲ့ ရော၊ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ပါ ဝမ်းသာဂုဏ်ယူမဆုံးဖြစ်မိပါတယ်။

မနန်း (နေပြည်တော် ပုဗ္ဗသီရိမြို့နယ်)

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ကပဲ လာရောက်ဖူးမြော်ခြင်း ဖြစ်ပါတယ်။ အခုလိုသာသာယာယာနဲ့ ဖူးရတော့ စိတ်ထဲမှာတကယ့်ကို ကြည်နူးအေးချမ်းပါတယ်။ အေးအေးချမ်းချမ်း သာသာယာယာရှိတဲ့အတွက် ရပ်ဝေးက ဖူးမြော်လိုသူတွေအနေနဲ့လည်း လာရောက် ဖူးမြော်ကြပါလို့ တိုက်တွန်းနှိုးဆော်လိုပါတယ်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထား ပူဇော်ထားရှိတဲ့ ဗုဒ္ဓဥယျာဉ်တော်အတွင်းမှာ တည်ထားတဲ့ မုစလိန္ဒကန်နဲ့ နဂါးရုံဘုရားတို့ကလည်း ကြည်ညိုသပ္ပာယ်လှပါတယ်။ နောက်ပြီးကျောက်စာရုံစေတီတော်တွေအပြင် ကျွန်းတိုင်တွေ အသုံးပြုပြီး မြန်မာမှုလက်ရာများနဲ့ ရှေးမူမပျက် ဆောက်လုပ်ထားတဲ့ သုဓမ္မာဇရပ်တွေကလည်း အစီအရီနဲ့ တကယ့်ကို ခမ်းနားသေသပ်စွာနဲ့ ဆောက်လုပ် ထားတာတွေ ဖူးမြော်လေ့လာရလို့ စိတ်ထဲတကယ့်ကို ကြည်နူးပီတိဖြစ်မိပါတယ်။ ဆောက်လုပ်လှူဒါန်းပေးတဲ့ တာဝန်ရှိလူကြီးတွေအားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။