မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး လာရောက်ဖူးမြော်ကြသည့် ပြည်သူများ၏ ရင်တွင်းဝမ်းသာပီတိ စကားသံများ

 

 

ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ ပြည်သူအများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဩဂုတ် ၈ ရက်မှစတင်၍ အခမဲ့ဝင်ရောက်ဖူးမြော်ခွင့်ပေးလျက်ရှိရာ နေ့စဉ်နှင့်အမျှ လာရောက်ဖူးမြော်ကြသည့် အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများဖြင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း အထူးစည်ကားလျက်ရှိသည်ကို တွေ့မြင်ရသည်။

 

ထိုသို့    မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား   လာရောက် ဖူးမြော်ကြသည့် အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူ    ဘုရားဖူး ပြည်သူများ၏ ကိုယ်တိုင်ကိုယ်ကျ   ဖူးမြော်ကြည်ညိုခဲ့ရသည့် ရင်တွင်းဝမ်းသာပီတိ စကားသံများကို ရေးသား ဖော်ပြလိုက်ရပါသည်။

 

ဦးညွန့်မောင် (မြင်းခြံမြို့)

နေပြည်တော်ကို ဆေးခန်းလာပြရင်းနဲ့ ဘုရားကြီးကို ဖူးမြော်ခွင့်ပေးပြီလို့ သိရတဲ့အတွက် ဝမ်းသာအားရ  လာရောက် ဖူးမြော်တာပါ။ ဘုရားကြီးကို တည်ဆောက်ပူဇော်ဖို့အတွက် စကျင်ကျောက်တုံးတော်ကြီးတွေကို ဆီမီးခုံဆိပ် ကမ်းကနေ    နေပြည်တော်ကို စတင်ပင့်ဆောင်ခဲ့တာကို တီဗွီကနေမြင်ကတည်းက ဘုရားကြီးတည်ဆောက်ပြီးရင်  သွားဖူးမယ်လို့ အားခဲထားခဲ့တာပါ။ ဘုရားကြီးတည်ဆောက်နေတဲ့အချိန်မှာလည်း တည်ဆောက်ပူဇော်လို့ ပြီးပြီလားဆိုပြီး လာရောက် ကြည့်ရှုခဲ့ပါတယ်။ စကျင်ကျောက်နဲ့ ထုဆစ်ပူဇော်တဲ့ဘုရားက  ရှားပါတယ်။ အခုလို ဘုရားကြီးကို ကိုယ်တိုင်ကိုယ်ကျ  ဖူးမြော်ရတဲ့အချိန်မှာ ဝမ်းသာပီတိဖြစ်မိပါတယ်။ မာရဝိဇယ  ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုးကွယ်တဲ့ ရည်ရွယ်ချက်ကလည်း အင်မတန်မှကောင်းပါတယ်။ အခုလို ဘုရားကြီးကို အများပြည်သူတွေ ဖူးမြော်ကြည်ညို လို့ရအောင် တည်ဆောက်ပူဇော်ခဲ့တဲ့ နိုင်ငံတော်က တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ အလှူရှင်တွေအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ကပ်ကြီးသုံးပါးကိုလည်း ကျော်လွှားနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သပါတယ်။ ခမ်းနားထည်ဝါပြီး ကြည်ညိုသပ္ပာယ်ဖို့ကောင်းတဲ့ ဘုရားကြီးကို လာရောက်ဖူးမြော်ကြဖို့လည်း တိုက်တွန်းလိုပါတယ်။

 

ဒေါ်သမ္မာရီ (ပျဉ်းမနားမြို့)

ဘုရားကြီး တည်ဆောက်ပူဇော်ဖို့ ပင့်ဆောင်လာတဲ့ စကျင်ကျောက်တုံးတော်ကြီး နေပြည်တော်ကိုရောက်ပြီး  ဘုရားကြီး ကို တည်ဆောက်ပူဇော်နေတဲ့  အချိန်မှာလည်း ဖူးချင်လွန်းလို့  သုံးခေါက်လာခဲ့ပါတယ်။ ဘုရားကြီးကို စတင် ဖူးမြော်ခွင့် ပေးတဲ့ အရင်ရက်တွေက မိုးတွေရွာနေတာနဲ့ ဒီနေ့မှ လာရောက်ဖူးမြော်တာပါ။ အခုလို ဖူးမြော်ရတဲ့အတွက်လည်း အင်မတန်  ဝမ်းသာပီတိဖြစ်ပါတယ်။ မြန်မာနိုင်ငံက ထေရဝါဒဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်တွေအနက် ဉာဏ်တော်အမြင့်ဆုံးဘုရား မြန်မာနိုင်ငံမှာ ရှိပါလားဆိုပြီး ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ရော   ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ပါ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။  ကျောက်စာရုံ စေတီမှာ ထည့်သွင်းရေးထိုးထားတဲ့ ပိဋကတ်သုံးပုံကျမ်းစာတွေကို ကြည့်ခြင်းအားဖြင့် ဗုဒ္ဓဘာသာ ရေရှည်တည်တံ့အောင် လှူဒါန်းပူဇော်ခဲ့တဲ့ အလှူရှင်တွေနဲ့ တည်ဆောက်ပူဇော်ခဲ့ကြတဲ့ နိုင်ငံတော်က    တာဝန်ရှိသူတွေကိုလည်း ကျန်းမာချမ်းသာ   ဘေးရန်ကင်းကွာပြီး မာန်ဟူသမျှ  ရန်ဟူသမျှကို အောင်နိုင်ပါစေလို့ မေတ္တာပို့ဆုတောင်းပါတယ်။   ဝမ်းမြောက်ဝမ်းသာနဲ့   သာဓုခေါ်ပါတယ်။ ဘုရားကြီးကို  ဖူးမြော်ပြီး  ခုနစ် ရက်သားသမီးအပေါင်းနဲ့ အရပ် ဆယ်မျက်နှာကိုလည်း  အမျှဝေ ဆုတောင်းမေတ္တာ  ပို့ခဲ့ပါတယ်။ ထူးခြားမှုတွေနဲ့   ပြည်စုံနေတဲ့ ဘုရားကြီးကို လာရောက်ဖူးမြော် ကြပါလို့ တိုက်တွန်းလိုပါတယ်။

 

ဦးမြမောင်( ပုဗ္ဗသီရိမြို့)

မာရဝိဇယ  ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို    နိုင်ငံ(၉)နိုင်ငံက   သံဃာတော်တွေနဲ့ ဘုရားအနေကဇာ တင်တာကို တီဗွီမှာတွေ့မြင်ကတည်းက  သွားရောက်ဖူးမြော်မယ်လို့ အားခဲထားခဲ့တာပါ။ ဒါကြောင့် ဒီနေ့မှာ အသိ မိတ်ဆွေတွေစုပြီး လာရောက်ဖူးမြော်ကြတာပါ။  ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးက  ခမ်းနားထည်ဝါပြီး ကြည်ညိုသပ္ပာယ်စရာ ကောင်းလှ ပါတယ်။   ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်ကြည်ညိုရတဲ့ အခါမှာ လည်း စိတ်ထဲမှာ  အင်မတန်မှ ဝမ်းသာကြည်နူး     ပီတိဖြစ်ရပါတယ်။  တကယ့်ကို   ထူးခြားပြီး သမိုင်းဝင်မယ့် ဘုရားကြီးတစ်ဆူ လည်း ဖြစ်ပါတယ်။  ဘုရားဖူး ပြည်သူတွေသုံးဆောင်ဖို့  သက်သတ်လွတ် သီးစုံဒံပေါက်ကို ကုသိုလ်ပြုလှူဒါန်းနေတဲ့ မြင်ကွင်းကလည်း မြင်ရတာ    ကြည်နူးဖို့ ကောင်းပါတယ်။ ဘုရားကြီးကို အများပြည်သူတွေ ဖူးမြော်ခွင့်ရအောင်  တည်ဆောက်ပူဇော်ပေး ခဲ့တဲ့    နိုင်ငံတော်က တာဝန်ရှိသူတွေနဲ့    ဘုရားအလှူရှင်တွေကိုလည်း   ကျေးဇူးတင်ပါတယ်။ အနယ်နယ်အရပ်ရပ်က ဓမ္မမိတ် ဆွေအပေါင်းကိုလည်း မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော် ကုသိုလ်ယူကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

 

 

ဦးရှိန် (ပျဉ်းမနားမြို့)

ဒီဘုရားကြီး   တည်ဆောက် ပူဇော်ကတည်းက   ဖူးချင်လွန်းလို့ လွန်ခဲ့တဲ့ ခြောက်လကတည်းက လာရောက်ခဲ့ပါတယ်။   ဒါပေမယ့် ဘုရားကြီးကို တည်ဆောက်နေတဲ့ အချိန်ဆိုတော့   အပြင်ကနေပဲဖူးမြော်ပြီး  ပြန်ခဲ့ရတယ်။  တစ်သက်မှာ တစ်ခါ   အခုလိုဘုရားကြီးကို ဖူးမြော်ချင်လွန်းလို့  လာရောက်ဖူးမြော်ရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့တစ်သက် ဖူးမြော်ခဲ့ ရတဲ့ ဘုရားတွေထဲမှာ  စကျင်ကျောက်တွေနဲ့ ထုဆစ်ထားတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးက အင်မတန်မှ   ထူးခြားသပ္ပာယ်ပါတယ်။   ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ အတွက်လည်း ဒီဘုရားကြီးဟာ    သမိုင်းစဉ် အဆက် ဂုဏ်ယူစရာကောင်းပြီး သာသနာတော် အတွက်လည်း အဓွန့်ရှည်မယ့် ဘုရားကြီးတစ်ဆူပါ။ ဘုရားကြီးတည်ဖို့ စကျင်ကျောက်တုံးတော်တွေကို   ရေလမ်း၊ ကုန်းလမ်းကြောင်းတွေကနေအဆင့်ဆင့်  ပင့်ဆောင်ခဲ့ရတယ်လို့ သိရတယ်။   ဒီလို အခက်အခဲအမျိုးမျိုးကို   ကျော်လွှားပြီး ကြည်ညိုသပ္ပာယ်စရာ ကောင်းလွန်းလှတဲ့ ဘုရားကြီးကို တည်ဆောက် ပူဇော်ခဲ့တဲ့  တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်။ မြန်မာပြည်အရပ်ရပ်မှာရှိတဲ့ ပြည်သူတွေအနေနဲ့  မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို  လာရောက်ဖူးမြော် ကြည်ညိုကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

 

ဒေါ်ခင်သန်းဝင်း (ပုဗ္ဗသီရိမြို့)

 စကျင်ကျောက်တုံးတော်ကြီးတွေ ပင့်ဆောင်ပြီး စတင်ထုဆစ် ပူဇော်နေကတည်းက လာရောက်ဖူးချင်နေခဲ့တာပါ။ အခုတော့ ရင်ထဲက ဖူးမြော်ချင်နေတဲ့ဆန္ဒလေး ပြည့်ဝသွားပါပြီ။ အလွန်အားရဝမ်းသာဖြစ်မိပါတယ်။ ဒီလိုဉာဏ်တော် မြင့်တဲ့ဘုရားကြီးကို ကျွန်မတစ်သက်တစ်ခါမှ မဖူးမြော်ခဲ့ရပါဘူး။ ကျောက်စာရုံစေတီတော်တွေကိုလည်း လက်လှမ်းမီ သလောက် လေ့လာကြည့်ရှုတဲ့အခါ ဗုဒ္ဓသာသနာတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲအောင် ပိဋကတ်သုံးပုံ ကျမ်းစာတွေကို စကျင်ကျောက်တွေအပေါ် ခေတ်မီစက်ကိရိယာတွေနဲ့ ထုဆစ်ထားတာတွေ့တော့ ဝမ်းသာပီတိ ဖြစ်ရပါ တယ်။ အခုလို ကမ္ဘာပေါ်မှာ ဉာဏ်တော်အမြင့်ဆုံး  ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ပေး တဲ့အတွက် နိုင်ငံတော်အကြီးအကဲအားလုံးကို ကျေးဇူးတင်ပါတယ်။ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူး မြော်ကြ တဲ့ ဆရာတော်၊ သံဃာတော်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေအတွက် ယာဉ်ငယ်တွေ စနစ်တကျ စီစဉ်ပေး ထားတဲ့အပြင် ဘုရားရင်ပြင်တော်ပေါ်ကို တက်တဲ့အခါမှာ စက်လှေကားထားရှိထားတာကို တွေ့ရတော့ ဝမ်းသာ   ကြည်နူးရပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။

တွေ့ဆုံမေးမြန်း-ဟိန်းဂျိုင်း

ဓာတ်ပုံ-မျိုးဆက်သစ်