မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃) တို့ကို တွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီးအား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၃၁

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် အဆိုပါ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသနှင့် သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရတို့ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဦးဆောင် ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စေတနာရှင်၊ အလှူရှင်များဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

ကြာမြင့်ချိန် ၇၂ နာရီ ၅၀ မိနစ်

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃) တို့ကို တွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီးအား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်နိုင်ရန်အတွက် ကနဦးလုပ်ငန်းဖြစ်သည့် ပင့်ထောင်ခြင်းလုပ်ငန်းများကို သံမဏိမျှော်စင်ဝန်ချီစက်အသုံးပြု၍ ဇန်နဝါရီ ၂၆ ရက် နံနက် ၈ နာရီ ၁၀ မိနစ် အချိန်မှစတင် ပင့်ထောင်လျက်ရှိရာ ဇန်နဝါရီ ၂၆ ရက်တွင် ဆင်းတုတော်ကြီး လဲလျောင်းနေရာ ၀ ဒီဂရီမှ ၂၆ ဒီဂရီအထိ၊ အမြင့်အားဖြင့် ၃ ပေအထိလည်းကောင်း၊ ဇန်နဝါရီ ၂၇ ရက်တွင် ၂၆ ဒီဂရီမှ ၅၁ ဒီဂရီအထိ၊ အမြင့်အားဖြင့် ၅၂ ပေအထိ လည်းကောင်း၊ ဇန်နဝါရီ ၂၈ ရက်တွင် ၅၁ ဒီဂရီမှ ၆၈ ဒီဂရီအထိ၊ အမြင့်အား ဖြင့် ၆၃ ပေအထိ လည်းကောင်း၊ ဇန်နဝါရီ ၂၉ ရက် နံနက် ၉ နာရီတွင် ၉၀ ဒီဂရီအထိ၊ အမြင့်အားဖြင့် ၇၅ ဒသမ ၅ ပေအထိ ပင့်ထောင်ပူဇော်ခဲ့ပြီး ဆင်းတုတော် အစိတ်အပိုင်းကြီးအား ပင့်ထောင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြာမြင့်ချိန် အားဖြင့် ၇၂ နာရီ မိနစ် ၅၀ ကြာမြင့်ခဲ့သည်။

အထက်ပါ ပင့်ထောင်ပြီးစီးသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အစိတ်အပိုင်းကြီးအား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ရေးလုပ်ငန်း များကို ဇန်နဝါရီ ၂၉ ရက် ည ၁၁ နာရီ ၁၆ မိနစ်ခန့် တွင် ဆက်လက်ဆောင်ရွက်ခဲ့ရာ ယနေ့နံနက် ၁၀ နာရီ ၁၇ မိနစ်ခန့်တွင် ရတနာပလ္လင်တော်အနီး နေရာ အထိ ပင့်ဆောင်နိုင်ခဲ့ပြီး စုစုပေါင်းပင့်ဆောင်ခဲ့သည့် အကွာအဝေးမှာ ၈၁ ပေ ဖြစ်ကာ ကြာမြင့်ချိန် ၁၁ နာရီ ၁ မိနစ်ခန့် ကြာမြင့်ခဲ့သည်။

သံထည်ပစ္စည်း တန် ၃၈၀၀ အသုံးပြု

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ထုဆစ်ပြီးစီးသည့် ဆင်းတုတော် အစိတ်အပိုင်းများကို တွဲဆက်ပြီးနောက် ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရာတွင် ဝန်ချီစက် ရှစ်လုံးပါ သံမဏိမျှော်စင် တည်ဆောက်ခြင်း၊ ဆင်းတုတော် ပင့်ဆောင်ရာတွင် ထုဆစ်ပြီး ကျောက်သားများ ထိခိုက်မှုမရှိစေရန် သံမဏိပန်းတောင်းတည်ဆောက်ခြင်းတို့ကို အချိန်အားဖြင့် ခုနစ်လကြာပြီး သံထည်ပစ္စည်းတန်ချိန်အားဖြင့် တန် ၃၈၀၀ အသုံးပြု၍ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီနှင့်ပူးပေါင်းကာ တပ်မတော်သား အင်ဂျင်နီယာများက တည်ဆောက်ခဲ့သည်။

မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ကြီးမားလေးလံသည့် ပစ္စည်းကို  မတင်ရွှေ့ပြောင်းဖူးသည့် နည်းပညာ၊ အတွေ့အကြုံနှင့် စက်ယန္တရားများ အသုံးမပြုခဲ့ ဖူးသော်လည်း ယခုမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် သက်ဆိုင်ရာ လုပ်ငန်းအင်ဂျင်နီယာ အသီးသီးတို့၏ အတွေ့အကြုံများဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းပြီး ဒီဇိုင်းရေးဆွဲ တွက်ချက်ခြင်း၊ စစ်ဆေးခြင်းတို့တွင် ခေတ်မီနည်း ပညာများကို အသုံးပြုတွက်ချက်၍ တည်ဆောက်ခဲ့သည်။

ရတနာပလ္လင်တော်ထက် ပင့်ဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်မည်

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃) တို့ကို တွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီးနှင့် ဆင်းတုတော် ထည့်သွင်းထားသည့် သံမဏိရတနာပန်းတောင်းတော်တို့၏ အလေးချိန် ၂၃၆၇ ဒသမ ၅ တန်တို့အား သံမဏိမျှော်စင်တွင် ဝန်ချီစက် ရှစ်လုံးတို့က ပင့်ဆောင်ထားပြီး ဆင်းတုတော် အစိတ်အပိုင်းကြီးအား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်နိုင်ရေး လုပ်ငန်းစဉ်အလိုက် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် အများပြည်သူများ စိတ်နှလုံး အေးချမ်းစွာ လာရောက်ဖူးမြော်နိုင်စေရန်၊ တရားဘာဝနာများ အေးချမ်းစွာ ပွားများအားထုတ်နိုင်စေရေးနှင့် မြတ်ဗုဒ္ဓ၏ နှုတ်ကပါဌ်တော် ပိဋကတ်သုံးပုံ တို့အား လေ့လာဖူးမြော်ကြည်ညိုနိုင်စေရေးတို့အတွက်  တည်ဆောက်ပူဇော်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်