နေပြည်တော် ၁၄ ဧပြီ
နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်ရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား အခြေခံစားကုန် ငါးမျိုးကို ဧပြီ ၁၀ ရက်မှ စတင်ထောက်ပံ့ပေးအပ်လျက်ရှိရာ ယနေ့တွင်လည်း အိမ်အရောက်ပို့စနစ်ဖြင့် ဆက်လက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း လယ်ဝေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေထံမှ သိရသည်။
“လယ်ဝေးမြို့နယ်မှာ ဧပြီ ၁၀ ရက်ကနေ စားကုန်ငါးမျိုးကို စဖြန့်ခဲ့တာ ဒီနေ့ထိ အိမ်ထောင်စု နှစ်သောင်းခန့်ကို ဖြန့်ဝေခဲ့ပြီး ဖြစ်တယ်။ ဧပြီ ၁၆ ရက်မှာ အပြီးဖြန့်နိုင်ရန် စီစဉ်ထားပါတယ်။ ဖြန့်ဝေရာမှာ စနစ်တကျရှိရေးအတွက် ကျေးရွာအုပ်စုအသီးသီးမှာ ဖြန့်ဝေရေးအဖွဲ့ ဖွဲ့ထားပါတယ်။ အဲဒီအဖွဲ့တွေကနေ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အိမ်တိုင်ရာရောက် လိုက်လံပြီး ဖြန့်ဝေပေးပါတယ်။ တချို့ကျေးရွာတွေမှာ ကားအခက်အခဲကြောင့် အိမ်အရောက်မပို့နိုင်ရင် လူစုလူဝေးမဖြစ်အောင် တစ်သုတ်ချင်းအလိုက် တစ်ဦးကို ၆ ပေထိ ခွာပြီးတော့ ဖြန့်ဝေပေးပါတယ်။ အလေအလွင့်မရှိအောင်နဲ့ အဂတိလိုက်စားမှုမဖြစ်အောင် စနစ်တကျအဖွဲ့တွေ ဖွဲ့ထားပြီး သေချာဖြန့်ဝေပေးပါတယ်” ဟု ဦးထွန်းရွေက ပြောသည်။
လယ်ဝေးမြို့နယ်တွင် ကာယလုပ်သား၊ ပို့ဆောင်ရေးလုပ်သား၊ ခေါင်းရွက်ဗျက်ထိုးလုပ်သား၊ လယ်လုပ်သား စာရင်းငှားနှင့် ကျူးကျော်အိမ်ထောင်စု စသည့် အခြေခံလူတန်းစား အိမ်ထောင်စု ၃၈၄၉၈ စုအား နိုင်ငံတော်မှ ထောက်ပံ့သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် ပဲတို့ကို ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းအတိုင်း လူစုလူဝေး မဖြစ်အောင် အိမ်အရောက်ပို့စနစ်ဖြင့် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
အလားတူ ပျဉ်းမနား ရွှေချီရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မြိုင်က “ကျွန်တော့်ရပ်ကွက်မှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို နယ်မြေအလိုက် ငါးဦးကော်မတီဖွဲ့ပြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခဲ့ပါတယ်။ တစ်ချို့သောသူတွေကလည်း စားနိုင်သောက်နိုင်ပြီး အခြေခံလူတန်စားမဟုတ်ဘဲ ထောက်ပံ့တာကို လိုချင်တာတွေ ရှိတဲ့အတွက် သူတို့တွေကို နားလည်အောင် ရှင်းပြပေးရတာတွေရှိတယ်။ စားကုန်ငါးမျိုး ဖြန့်ဝေရာမှာလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်တဲ့အနေနဲ့ ရပ်ကွက်ရုံးကတည်းက အထုပ်တွေကို သေချာထုပ်တယ်။ နယ်မြေအလိုက် ကားနဲ့သယ်ပြီး အိမ်တိုင်ရာရောက်စနစ်နဲ့ ဖြန့်ဝေပေးပါတယ်။ အခုလို အခြေခံလူတန်းစားအားလုံးကို နိုင်ငံတော်က ထောက်ပံ့ပေးတဲ့အတွက် ကျွန်တော်တို့လို တာဝန်ရှိသူတွေအနေနဲ့ ပင်ပန်းပေမယ့် သာမန်လက်လုပ်လက်စား ပြည်သူတွေပျော်ရွှင်တာ မြင်ရတဲ့အတွက် ဝမ်းသာပီတီဖြစ်ရတယ်” ဟု ပြောသည်။
ပျဉ်းမနားရွှေချီရပ်ကွက်မှ မအေးအေးအောင်က “ကျွန်မက အဝတ်လျှော်တဲ့အလုပ် လုပ်တယ်။ ခုကအလုပ်နား နေရတယ်။ ခုဖြစ်နေတဲ့ ကပ်ရောဂါနဲ့ပတ်သက်ပြီး မိသားစုတွေ အိမ်မှာနေရမယ်၊ လက်မကြာခဏ ဆေးပေးရမယ် ဆိုတာ သိထားပါတယ်။ မိသားစုက လေးယောက်ရှိတော့ အစိုးရက ထောက်ပံ့တာက ကျွန်မတို့အတွက် ရက် ၂၀ လောက် လုံလောက်ပါမယ်။ အခုလို ထောက်ပံ့ပေးတဲ့အတွက် တာဝန်ရှိသူတွေကို ကျေးဇူးတင်တယ်” ဟု ပြောသည်။
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တစ်နိုင်ငံလုံးရှိ အခြေခံလူတန်းစား အိမ်ထောင်စုများကို နိုင်ငံတော်က အခြေခံ စားသောက်ကုန်ငါးမျိုးကို ထောက်ပံ့ပေးလျက်ရှိသည့်အပြင် ပရဟိတအဖွဲ့များနှင့် စေတနာရှင်ပြည်သူ များကလည်း နိုင်ငံတွင်းရှိ အခြေခံလူတန်းစား ပြည်သူများအား စားသောက်ကုန်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ကာ လိုက်လံလှူဒါန်းလျက်ရှိကြောင်း သိရသည်။
သတင်း-ဟန်လင်းနိုင်၊ ဓာတ်ပုံ-ထန်းဖုန်


