လူငယ်များ ဖြောင့်မတ်တည်ကြည်မှု

၈  ဇွန်

 

ဖြောင့်မတ်တည်ကြည်မှုသည် လူတိုင်းလူတိုင်းထားရှိအပ်သည့် ကိုယ်ကျင့်သိက္ခာဖြစ်သည်။ ကိုယ်ကျင့်သိက္ခာဆိုသည်မှာ ကိုယ်မှု၊ နှုတ်မှုတို့ကိုထိန်းသိမ်းစောင့်စည်းရသော ကိုယ်ကျင့်တရား ဖြစ်ပါသည်။ ကိုယ်ကျင့်တရားကိုစောင့်ထိန်းမှသာ နောင်တစ်ခေတ်တွင် တိုင်းပြည်ကိုဦးဆောင်မည့် စာရိတ္တခိုင်မာသောသားကောင်း၊ သမီးကောင်းရတနာများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာမည်ဖြစ်ပါသည်။

 

ယခုအခါ နိုင်ငံတော်အစိုးရသည် တောင်ပေါ်၊ မြေပြန့်၊ ပြည်နယ်၊ ပြည်မမခွဲခြားဘဲ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ တစ်ဖက်တွင်လည်း တိုင်းပြည်နှင့်လူမျိုးအတွက် မရှိမဖြစ် ပို၍အခြေခံကျသော စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ပြုစုပျိုးထောင်ပေးနေပါသည်။ ထိုသို့ ပြုစုပျိုးထောင်ရာ တွင်ရုပ်ပိုင်းဆိုင်ရာအရမှာ အခက်အခဲမရှိနိုင်သော်လည်း စိတ်ပိုင်းဆိုင်ရာပြုစုပျိုးထောင်ရေးမှာ လွယ်ကူလှသည် မဟုတ်ချေ။

 

လူ၏သဘောသဘာဝအရ ထိန်းချုပ်ရန်၊ ဆုံးမရန် အခက်အခဲဆုံး အရာမှာ မိမိတို့၏စိတ်ပင် ဖြစ်သည်။ လူတို့တွင် အသိအမြင် များလာသည်နှင့်အမျှ မိမိတို့၌ သိရှိလက်ခံပြီးသဘောတရားတို့ကို ပြန်လည်ပြုပြင်ရန်မှာ မလွယ်ကူတော့ချေ။ ထို့ကြောင့် အသိအမြင်နုနယ်သေးသော လူငယ်လူရွယ်များ၏ စိတ်သဘောထားများကို တည့်မတ်မှန်ကန်အောင် ထိန်းကျောင်းပျိုးထောင်ပေးခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။

 

မျက်မှောက်ကာလတွင် ကိုယ်ကျင့်သိက္ခာစောင့်ထိန်းမှုများ ခေါင်းပါးလာသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ နိုင်ငံကို တည်ဆောက်ကြသူများကြား၌ ဖြောင့်မတ်တည်ကြည်မှုဟူသော မွန်မြတ်သောကိုယ်ကျင့်တရားကို အကျင့်ပျက်ခြစားမှုတည်းဟူသော ဖောက်ပြန်မှုများက လှိုက်စားဝါးမြိုဖျက်ဆီးနေသည်ကို မြင်တွေ့ကြားသိကြရမည် ဖြစ်သည်။ ယင်းကိုအဂတိလိုက်စားမှုတိုက်ဖျက်ရေးဟူသည့် အမျိုးသားရေးအသွင်ဖြင့်နှိမ်နင်း ဆောင်ရွက်နေပေသည်။ ဤအရေးမှာ အသိဉာဏ်ရှိသောသူများအား ဆောင်ရွက်ရသည်ဖြစ်၍ မျှော်မှန်းသလောက် ခရီးပေါက်နိုင်မည်မဟုတ်ပေ။

 

ထို့ကြောင့် လူငယ်လူရွယ်များကြားတွင် ဖြောင့်မတ်တည်ကြည်မှုမြင့်မားတိုးတက်လာစေရန် ဆောင်ရွက်ပေးခြင်းဖြင့် အနာဂတ်နိုင်ငံတော်တွင် အဂတိကင်းစင်အောင် ပါဝင်ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။ ယင်းအစီအစဉ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး၏ နည်းပညာအကူအညီဖြင့် ဖြောင့်မတ်တည်ကြည်မှုလူငယ်စခန်း ၂၀၁၉ ကို ယမန်နေ့က နေပြည်တော်တွင် ဖွင့်လှစ်ပေးခဲ့ရာ လူငယ်လူရွယ်များအနာဂတ်အတွက် ကောင်းသောလက္ခဏာများ ဖြစ်သည်။

 

ဦးစွာ ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်၊ ကောလိပ် ၁၀ ခုမှ ဆရာ ဆရာမနှင့် ကျောင်းသား ကျောင်းသူ တစ်ရာကျော်တို့ကို လေ့ကျင့်ပျိုးထောင်ပေးပြီး ၎င်းတို့သည် အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် ဖြောင့်မတ်တည်ကြည်သော လူငယ်များအဖြစ် ပါဝင်လာမည်ဖြစ်သည်။ အနာဂတ်ကာလ အလွှာအသီးသီးတွင် ဖြောင့်မတ်တည်ကြည်သော ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာရေးအတွက် ယခုမျိုးဆက်သစ်လူငယ်များအား ကိုယ်ကျင့်သိက္ခာဆိုင်ရာ ပြုစုပျိုးထောင်ပေးခြင်းသည် ကောင်းမွန်မှန်ကန်သော လုပ်ဆောင်မှုဖြစ်သည်။ အခြေခံပညာအဆင့်တွင်လည်း ဖြောင့်မတ်တည်ကြည်မှုအတွက် အခြေခံဖြစ်စေသော ပြည်သူ့နီတိ ဘာသာရပ်ကို ထည့်သွင်းသင်ကြားပေးလျက်ရှိသည်။

 

သို့ဖြစ်ရာ ကမ္ဘာပေါ်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အင်တိုက်အားတိုက် ဆောင်ရွက်နေသော ဒီမိုကရေစီနိုင်ငံများတွင် လူငယ်လူရွယ်များအား အဂတိတိုက်ဖျက်မှုအစီအစဉ်များနှင့် ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ လူငယ်လှုပ်ရှားမှုများကို အားပေးလျက်ရှိရာ ဤကဲ့သို့လှုပ်ရှားမှုများ မြန်မာနိုင်ငံတွင် ထွန်းကားလာခြင်းအားဖြင့် အဂတိကင်း၍ ဖြောင့်မတ်တည်ကြည်မှုရှိသော ယဉ်ကျေးမှုများ ယနေ့လူငယ်လူရွယ်များ အကြားတွင် စိမ့်ဝင်ပြန့်ပွားလိမ့်မည်ဟု ယုံကြည်ပါသည်။ ။

 

ကြေးမုံ