လူငယ်ဘောလုံး အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ U-14 ဘောလုံးပြိုင်ပွဲ ကျင်းပမည်

မန္တလေး ၁ မေ


မန္တလေးတိုင်းအတွင်း လူငယ်ဘောလုံး အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ U-14 ဘောလုံးပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းများ အဖွဲ့ထံမှသိရသည်။


U-14 ဘောလုံးပြိုင်ပွဲကို မေလ ၄ ရက်မှာ မဟာအောင်မြေဘောလုံးကွင်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


"အဓိကကတော့ လူငယ်ဘောလုံးသမားကောင်းတွေ ထွက်ရှိဖို့ပါ။ မြန်မာ့လက်ရွေးစင်အသင်း ဘာလို့မအောင်မြင်လဲဆိုတော့ အောက်ခြေမှာ အခြေခံ ဘောလုံးကစားတာနည်းတယ်။ ကလေးတွေ ကစားတာများမှ ပါရမီရှင်တွေပေါ်ထွက်လာမှာ။ ဒါကြောင့် အခုလို ဘောလုံးပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ပါတယ်'' ဟု  မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်းဖြစ်သူ ဦးခင်မောင်လေးက ပြောသည်။


U-14 ဘောလုံးပြိုင်ပွဲတွင် လူငယ် ဘောလုံးအသင်း ၈ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲတွင် ပထမဆုငွေ ကျပ် ၇ သိန်း ၊ ဒုတိယဆု ငွေကျပ် ၅ သိန်း၊ တတိယဆု ငွေကျပ် ၃ သိန်း ဆုချီးမြှင့်သွားမည်ဖြစ်သည်။ အဆိုပါဆုများအပြင် အကောင်းဆုံး ဘောလုံးသမားဆု၊ ဂိုးသွင်းအများဆုံးဆု၊ အသန့်ရှင်းဆုံး ဘောလုံးသမားဆုများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 


အိမို့မို့ခိုင်