မိုးမောက် ၂၁  အောက်တိုဘာ 

ကချင်ပြည်နယ်သို့ရောက်ရှိနေသော ကချင်ပြည်နယ်အတွင်းရှိနေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဗန်းမော်မြို့ နှစ်(၂၀ဝဝ) နှစ်ခြင်းတိုက်ပွဲရှောင်စခန်း၌ နေထိုင်လျက် ရှိကြသော တိုက်ပွဲရှောင်ပြည်သူများနှင့်တွေ့ဆုံပြီး ဒုတိယဝန်ကြီးက မိမိမူလနေရပ်ကျေးရွာများသို့ ဂုဏ်သိက္ခာ ရှိရှိလုံခြုံစွာဖြင့် ပြန်လည်အခြေချနေထိုင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက် ပေးနေမှု အခြေအနေများ၊ လက်တလောဆောင်ရွက်ပေးမည့်ကိစ္စရပ်များ၊ ရေတို/ ရေရှည် စီမံချက် ချမှတ် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လိုအပ်ချက်များ၊ အခက်အခဲများကိုမေးမြန်းဆွေးနွေးခဲ့သည်။

ထို့နောက် ဗန်းမော်မြို့နယ်အတွင်းရှိ လီဆူ ၊ နှစ် (၂၀ဝဝ) ၊ ရောဘတ်၊ ထွယ်ဆန် ၊ နှစ်ခြင်း (မူရင်း) ၊ ဖန်ခါးကုန်း စသည့်တိုက်ပွဲရှောင်စခန်း (၆) ခုရှိ အိမ်ထောင်စု(၁၁၇၂)စုမှ လူဉီးရေ(၆၇၅၈) ဦးအတွက် ရိက္ခာဖိုးငွေ (၆၀၈၂၂၀ဝ)၊ မွေးကင်းစကလေးငယ် (၃၄)ဦးအတွက် တစ်ဦးလျှင် (၃၀ဝဝဝ) နှုန်းဖြင့် ငွေကျပ်(၁,ဝ၂ဝ,ဝဝဝ)ကို ဒုတိယဝန်ကြီးနှင့်အဖွဲ့က ပေးအပ်ရာ စခန်းတာဝန်ခံများနှင့် အဖွဲ့က လက်ခံရယူကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုးမောက်မြို့ RC Camp ရှိ တိုက်ပွဲရှောင် ပြည်သူများနှင့်တွေ့ဆုံခဲ့ပြီး စခန်းအတွင်းနေထိုင်မှုအခြေအနေများ၊ လိုအပ်ချက်များ၊ မိမိတို့၏ ဆန္ဒနှင့်အညီ ဂုဏ်သိက္ခာရှိစွာဖြင့် မူလနေရပ်များသို့ ပြန်လည်အခြေချနေထိုင်ရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကာ RC၊ နှစ်ခြင်းနှင့် မန္တလေးကျောင်းတို့ရှိ တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၆၆၇)စု၊ လူဦးရေ(၃၂၂၇)ဦးအတွက် ငွေကျပ်(၂,၉၀၄,၃ဝဝ)၊ မွေးကင်းစကလေးငယ် (၁၆)ဉီး၊ ကိုယ်ဝန်ဆောင်မိခင် (၉)ဦးနှင့် သက်ကြီးဘိုးဘွား (၁၁)ဦးအတွက် တစ်ဦးလျှင် (၃၀ဝဝဝိ)နှုန်းဖြင့် ငွေကျပ်(၁,ဝ၈ဝ,ဝဝဝ)ကို ဒုတိယဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပေးအပ်ရာ စခန်းတာဝန်ခံများနှင့်အဖွဲ့က လက်ခံရယူကြသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုးမောက်မြို့မှ မြစ်ကြီးနားမြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။

 ယနေ့ ခရီးစဉ်တွင် တိုက်ပွဲရှောင်ပြည်သူများအတွက် စုစုပေါင်း ငွေကျပ် (၁၁,ဝ၈၆,၅ဝဝ) ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)