လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) ၏ CMIS Software စမ်းသပ်အသုံးပြုခြင်း သင်တန်း” ဖွင့်ပွဲနှင့် ၇၅ ကြိမ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဝန်ကြီးဌာနကိုယ်စားပြု ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုလွှာပေးအပ်
နေပြည်တော် ဇန်နဝါရီ ၃၁
လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) ၏ CMIS Software စမ်းသပ်အသုံးပြုခြင်းသင်တန်း” ဒုတိယ အကြိမ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှု အစီအစဉ်တွင် လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်အရ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ကလေးသူငယ်များ၊ လူကုန်ကူးခံရသော ကလေးသူငယ်များ၊ ဥပဒေနှင့် ငြိစွန်းလျက်ရှိသော ကလေးသူငယ်များ၊ ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ အလွဲသုံးခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်းခံရသော ကလေးသူငယ်များ၊ လူကုန်ကူးခံရသော ကလေး သူငယ်များအပါအဝင် အထူးစောင့်ရှောက်ရန် လိုအပ်သော ကလေးသူငယ်များ၏ အချက် အလက်များအား SMIS စနစ်ဖြင့် စမ်းသပ်ဖြည့်သွင်းနိုင်ရန်အတွက် တပ်မတော်သတင်းနည်း ပညာဌာနမှ နည်းပညာအပြည့်အဝ အကူအညီပေး၍ရေးဆွဲခဲ့ရာ ယခုဆိုရင် Case Management Program ရေးဆွဲဆောင်ရွက်မှု (၉၀ ရာခိုင်နှုန်း)၊ CMIS Software Digital Platform အသုံးပြုမှု (၉၀ ရာခိုင်နှုန်း) ရေးဆွဲပြီးစီးပြီး လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက် စနစ် (SMIS) ကို အကောင်အထည်ဖော် အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကာကွယ်စောင့်ရှောက်မှု လိုအပ်သော ကလေးသူငယ်များအား SMIS စနစ်အတွင်းသို့ ထည့်သွင်းနိုင်ရန် CMIS Software စနစ်အား စမ်းသပ် အသုံးပြုခြင်းဆိုင်ရာ သင်တန်းကို လူမှုဝန်ထမ်းဦးစီးဌာန၊ ရုံးချုပ်နဲ့ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ သင်တန်းသား/ သင်တန်းသူများ အတွက် ဒုတိယအကြိမ် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းကို သင်တန်းသား/ သူ စုစုပေါင်း (၆၀) တက်ရောက်ခဲ့ပြီး သင်တန်းကို ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၃ ရက်အထိ (၅) ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်သည်။
မွန်းလွဲပိုင်းတွင် ၇၅ ကြိမ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဝန်ကြီးဌာန ကိုယ်စားပြု ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများကို ဂုဏ်ပြုလွှာပေးအပ်ခြင်း အခမ်းအနားကို ဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်တက်ရောက် အဖွင့်အမှာစကားပြောကြား သည်။
ယင်းနောက် ၇၅ ကြိမ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဝန်ကြီးဌာနကိုယ်စားပြု ပါဝင်ဆောင်ရွက်ခဲ့ကြသည့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများကို ဂုဏ်ပြုလွှာများပေးအပ်သည်။
ထို့နောက် နေပြည်တော်ကလေးပြုစုရေးဌာန၊ ကလေးများက ကဗျာရွတ်ဆိုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်