လူမှုစီးပွားအဆင်ပြေရေး စိုက်ပျိုးထုတ်ကုန်မြှင့်တင်ပေး

စက်တင်ဘာ ၃၀

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည်။ ပြည်သူအများစု မှာ စိုက်ပျိုးရေးကိုအခြေခံသည့် ထုတ်ကုန်များဖြင့် အလုပ်အကိုင်နှင့်လူမှုစီးပွားဘဝ အဆင်ပြေအောင် ဆောင်ရွက်ကြသည်။ စားသောက်ကုန်သီးနှံများမှာ မြန်မာနိုင်ငံ တွင် လောက်ငဖူလုံပိုလျှံသဖြင့် ပြည်ပသို့လည်းတင်ပို့နိုင်သည်။ စိုက်ပျိုးရန် ရေ၊  မြေနှင့် စိုက်ပျိုးစွမ်းအားများရှိသဖြင့်  စားသောက်ကုန်သီးနှံများသာမက စက်မှုကုန်ကြမ်းသီးနှံများကိုလည်း တိုးတက်စိုက်ပျိုးထုတ်လုပ်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် စားသောက်ကုန်သီးနှံများ အထွက်ကောင်းကြသော်လည်း စက်မှုကုန်ကြမ်းသီးနှံဘက်တွင်  မဖွံ့ဖြိုးသည်ကို  တွေ့ရှိနိုင်ပေသည်။ စက်မှု ကုန်ကြမ်းသီးနှံများတွင်  ဝါသည် လူမှုဘဝ၌  အရေးပါသည့်  စိုက်ပျိုးပင်ဖြစ်သည်။ တစ်ချိန်သောအခါက ချည်မျှင်ရှည်ဝါစိုက်ပျိုးရေးကို ဦးစားပေးဆောင်ရွက်နိုင်ခဲ့ပြီး ပြည်တွင်းရှိ အထည်စက်ရုံကြီးများနှင့် အသေးစား၊ အငယ်စား ရက်ကန်းလုပ်ငန်းများ အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့သည်။ ခေတ်ကာလ ပြောင်းလဲလာသော အခါ ပြည်ပမှ ချည်မျှင်၊ အထည်များကို ပြောင်းလဲအသုံးပြုလာကြသဖြင့် ပြည်တွင်း ချည်မျှင်ရှည်ဝါစိုက်ပျိုးမှု မှေးမှိန်လာသည်။ ပြည်တွင်းချည်သည် အဝတ်အထည် ဝတ်ဆင်မှု၌ အဆင်ပြေသော်လည်း ခေတ်အသွင်အရ ဈေးကွက်လိုအပ်ချက်ရှိသည်။

“ယခင်က   ဝါစိုက်ပျိုးခဲ့သော်လည်း   ဝါစိုက်ပျိုးမှုကို   ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိခြင်းကြောင့် နိုင်ငံအတွက်လိုအပ်သည့် ဝါထွက်ပစ္စည်းများ ကို  ပြည်ပမှတင်သွင်းနေရသဖြင့်  နိုင်ငံခြားသုံးစွဲငွေများ  ပိုမိုကုန်ကျကြောင်း၊ အဝတ်အထည်သည် အခြေခံလိုအပ်ချက်တစ်ခုဖြစ်ပြီး လူတစ်ဦးအနေဖြင့် မွေးစမှ သေဆုံးသည့်အချိန်အထိ အဝတ်အထည်များလိုအပ်ကြောင်း၊ ပြည်တွင်း၌ လိုအပ် သည့်အထည်များကို ပြည့်မီအောင်ထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံအတွက် များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာ ၂၈ ရက်တွင် မိတ္ထီလာစက်မှုဇုန်၌ ပြောကြားခဲ့သည်။

ဝါကို တစ်ချိန်သောကာလက မန္တလေး၊ မကွေးနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်  စီးပွားဖြစ်စိုက်ပျိုးကြသည်။ ယခုအခါ နိုင်ငံတော်အစိုးရက စိုက်ပျိုးထုတ်ကုန် များ အထွက်တိုးရေးအတွက်  အလေးထားဆောင်ရွက်ပေးလျက်ရှိရာ ဝါစိုက်ပျိုးရေး  ပြန်လည်ဖွံ့ဖြိုးတိုးတက်လာရေးအတွက်လည်း ဖြည့်ဆည်းဆောင်ရွက်ပေးနေပြီဖြစ်သည်။  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ    စိုက်ပျိုးရေးလုပ်ငန်းများအတွက် မတည်ငွေလွှဲအပ်ဆောင်ရွက်ပေးလျက်ရှိရာ  ဝါစိုက်ပျိုးသူတောင်သူများအတွက် လည်း မတည်ငွေထုတ်ပေးသွားရန် စီစဉ်လျက်ရှိသည်။ ယခင်   ဝါစိုက်ပျိုးခဲ့သော မြေများပေါ်တွင် ယခုအခါ အခြားသီးနှံများစိုက်ပျိုးနေပြီး ဝါစိုက်ပျိုးရေးလုပ်ငန်းများ ကို မြှင့်တင်ဆောင်ရွက်သောအခါ အဆိုပါမြေပေါ်တွင် ဝါသီးနှံကို ပြန်လည်စိုက်ပျိုး ကြရန် လိုအပ်ပေသည်။ 

ဝါစိုက်ပျိုးရန်အတွက်   မျိုးကောင်းမျိုးသန့်များ၊   သွင်းအားစုများဖြစ်သည့် ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာများလိုအပ်သည်။ ထို့အပြင် စိုက်ပျိုးမြေများကို စနစ်တကျပြုပြင်၍ ထွန်ယက်စိုက်ပျိုးနိုင်ရန် စက်ကိရိယာများလည်းလိုအပ်သည်။ စက်ကိရိယာများဖြင့်  ထွန်ယက်စိုက်ပျိုးနိုင်မှသာ  ဧကကွက်များပိုမိုဖြစ်ထွန်းပြီး ဝါစိုက်ပျိုးရေးအောင်မြင်မည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ဝါစိုက်ပျိုးရေး အတွက်   ချေးငွေ၊  ရန်ပုံငွေများထုတ်ပေးရေး၊   လိုအပ်သောစက်ကိရိယာများနှင့်  ဝါမျိုးကောင်းမျိုးသန့်များရရှိရေး၊ ဝါသီးနှံကိုအခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာရေးစသည်တို့ကို    ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်    ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။   ယခင်က   စက်မှုဝန်ကြီးဌာနက    ချည်မျှင်စက်ရုံများ တည်ထောင်ပြီး  ဆောင်ရွက်ခဲ့သော်လည်း  ယခုအခါ  တိမ်ကောသွားပြီဖြစ်သည်။ ယခုအခါ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံများက ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် တစ်ဖက်တစ်လမ်းက ထုတ်လုပ်ပေးလျက်ရှိသည်။

ဝါလုပ်ငန်းများ    ဖွံ့ဖြိုးတိုးတက်ကာ  အဆင့်မြင့်ချည်မျှင်များထွက်ရှိရေး အတွက် မျိုးကောင်း၊ မျိုးသန့်များကို ဝယ်ယူပျိုးထောင်စိုက်ပျိုးကြရန်လိုအပ်သည်။ ပြည်သူများ မဖြစ်မနေဝယ်ယူဝတ်ဆင်နေရသော ပုဆိုးနှင့်ထဘီချည်ထည်များသည် ပြည်တွင်းထွက် ဝါထွက်ကုန်များဖြစ်ပြီး ပြည်သူများ ယနေ့ထက်တိုင် နှစ်သက်စွာ အသုံးပြုနေကြသည်။ အင်္ကျီအထည်များတွင်မူ အများစုမှာ ပြည်ပမှချည်ထည်များကို အသုံးပြုလျက်ရှိသဖြင့်  ပြည်တွင်းချည်ထည်များကို  အဆင့်မီစွာထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ဝါစိုက်ပျိုးရေးသည် တစ်ချိန်သောကာလက မြန်မာနိုင်ငံ၌ တွင်ကျယ် သော စိုက်ပျိုးထုတ်ကုန်လုပ်ငန်းဖြစ်ပြီး ယခုအခါ ဝါစိုက်ပျိုးရေးကို နိုင်ငံတော်အစိုးရ က အားပေးမြှင့်တင်ဆောင်ရွက်ပေးနေပြီဖြစ်၍ ဝါစိုက်ပျိုးသူ တောင်သူများအနေဖြင့် နိုင်ငံတော်က     ထောက်ပံ့ကူညီဆောင်ရွက်ပေးနေမှုများကိုရယူ၍    လူမှုစီးပွား အဆင်ပြေစေရန် ဝါသီးနှံအဆင့်မြှင့်တင်စိုက်ပျိုးရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။    ။

ကြေးမုံ