ရေနံချောင်း ၂၂ မေ

 

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် လူမှုဖူလုံရေးရုံးခွဲတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် သုံးဆယ့်ခြောက်ကျေးရွာအုပ်စု ဂျုပ္ပင်ကျေးရွာမှ အာမခံအလုပ်သမား ဦးခင်မောင်ညိုသည် ရေနံချောင်းမြို့ Goal Petrol Joc.Inc ရေနံကုမ္ပဏီတွင် တွင်းတူးလုပ်သားအဖြစ် လုပ်ကိုင်နေစဉ် လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးခဲ့သည့်အတွက် မကွေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိအိသွယ်နှင့် မြို့နယ်တာဝန်ရှိသူများက ငွေလုံးငွေရင်း အကျိုးခံစားခွင့်ငွေ သိန်း ၁၅၀ ကျပ်ကို မေ ၂၁ ရက်က ကျန်ရစ်သူမိသားစုနေအိမ်သို့ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ပေးအပ်ရာ အာမခံအလုပ်သမားဦးခင်မောင်ညိုသည် လူမှုဖူလုံရေးရုံးတွင် ထည့်ဝင်ကြေး ငွေပေးသွင်းသည့် လ ၆၀ ကျော်သည့်အတွက် ၎င်းလစာ၏ ၅၀ ဆကို ငွေလုံးငွေရင်း အကျိုးခံစားခွင့်အဖြစ် ပေးအပ်ခြင်းဖြစ်ပြီး ၎င်းပြင် ဇန်နဝါရီ ၂၇ ရက်က နာရေးစရိတ်အဖြစ် ငွေကျပ် ၁၄၄၉၀ဝ၀ ကိုလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သေဆုံးသူအာမခံအလုပ်သမား ဦးခင်မောင်ညို(၅၈)နှစ်သည် ဇန်နဝါရီ ၁၇ ရက် ညနေ ၄ နာရီခန့်က HSE ဌာနမှ ကျန်းမာရေးအတွက် လုပ်ငန်းခွင်အရောက်ဆေးပို့ပေးသော မော်တော်ကားဆီသို့ ဆေးထုတ်ယူရန်သွား ရောက်စဉ် ခြေချော်လဲကျရာမှ အလျားတစ်ပေ သုံးလက်မနှင့် အနံဆယ်လက်မရှိ ဆေးပုံးဖြင့် မျက်နှာနှင့်ရင်ဘတ် တို့အား ရိုက်မိပြီး သတိလစ်လဲကျသွားသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးခြင်းဖြစ်ကြောင်း မြို့နယ်လူမှုဖူလုံရေးရုံးခွဲမှ သိရသည်။

 

ကိုစိုးကြီး