လုပ်ငန်းခွင်အကြို သင်တန်းသား သင်တန်းသူများအား ဒုတိယဝန်ကြီး ဦးမြင့်စိုး တွေ့ဆုံမှာကြား

နေပြည်တော် မတ်  ၂၄

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် မတ် ၂၃ ရက် နံနက်ပိုင်းက ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများအတူ တောင်ကြီးမြို့၊ ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ခရိုင်အဆင့်/ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက “ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း သမဝါယမစနစ်ဖြင့် နွားမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဦးစီးဌာနအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ရေး၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ကြိုတင်ကွင်းဆင်း ဆောင်ရွက်ရေး၊ ပါတီနိုင်ငံရေး ကင်းရှင်းရန်နှင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ ကျင့်ကြံနေထိုင်၍ ဌာနတွင်း စည်းလုံးညီညွတ်မှု တည်ဆောက်ရေး” မှာကြားကာ ဝန်ထမ်းများ၏ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်ရေး ဆွေးနွေးပြောကြားသည်။ ယင်းနောက် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးများတွင် သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အငယ်တန်းစာရေး၊ စာရင်းကိုင်(၄)၊ ဒုလက်ထောက် ကွန်ပျူတာလုပ်ဆောင်ရေးမှူး၊ အငယ်တန်းအင်ဂျင်နီယာ(၃)နှင့် (၄)တို့ကို တွေ့ဆုံ၍ ဒုတိယဝန်ကြီးက “မိမိတို့ ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ မူဝါဒလုပ်ငန်းစဉ်များကို သိရှိနားလည်ပြီး ဘာသာ ရပ်ဆိုင်ရာအလိုက် ကျွမ်းကျင်မှု ရှိအောင် လေ့လာသင်ယူကြရန်၊ တာဝန်ကျရာ ဒေသအသီးသီးတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်” မှာကြားသည်။

 

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟဲဟိုးမြို့အနီးရှိ မျိုးချစ်နို့စားနွား မွေးမြူရေးခြံသို့ သွားရောက်ပြီး ဖရစ်ရှန်နို့စားနွား ၄၃ ကောင် မွေးမြူထားမှုကို ကြည့်ရှုလေ့လာရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာဝင်းဇင်မောင်နှင့် လုပ်ငန်းရှင် ဒေါ်နီနီအောင်တို့က လိုက်လံရှင်းလင်းပြသသည်။

 

အဆိုပါ နွားမွေးမြူရေးလုပ်ငန်းမှ ဒိန်ချဉ်၊ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်းကို အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတွင် မှတ်ပုံတင် ဆောင်ရွက်လျက်ရှိပြီး နွားမွေးမြူရေးအတွက် နေဗီယာနှင့် မွန်ဘားဆား မြက်များကိုလည်း စနစ်တကျ စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။

 

သတင်းစဉ်