လုံခြုံရေးသတိအမြဲရှိမှ အဖျက်အန္တရာယ်ကင်းဝေး

mdn

နေပြည်တော် ၂၇ မေ

မြန်မာနိုင်ငံတစ်ဝန်းရှိ အများပြည်သူဆိုင်ရာ နေရာဒေသအချို့၌ ဗုံးပေါက်ကွဲသည့် သတင်းများ နေ့စဉ်လိုလို ကြားသိနေရသည်။ မြို့ရွာများ၌ မသမာသူ အကြမ်းဖက် သမားတစ်စု၏ အကြံပက်စက်မှု၊ ယုတ်မာရက်စက်မှုကြောင့် အများပြည်သူဆိုင်ရာ အဆောက်အအုံနေရာများ၊ အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုများ ဖြစ်ခဲ့ကြရသည်။ အများပြည်သူ ပျက်စီးစေမည့် ဦးတည်ရာမဲ့လုပ်ရပ်များသည် အလုံးစုံပျက်စီးရေးသာဖြစ်သည်။

ယခုအခါတွင် မြို့ရွာများ၌ အကြမ်းဖက်အဖျက်သမားများသည် ပြည်သူများ ကြားတွင် ရောနှောစိမ့်ဝင်၍ “အကြံကုန် ဂဠုန် ဆားချက်” ဆိုသကဲ့သို့ ဗုံးထောင် ဖောက်ခွဲရေးကို ကြံစည်အားထုတ်လုပ်ကိုင်နေကြသည်။ အကြမ်းဖက်သမားများသည် ပြည်သူလူထုကြားတွင် မသိမသာရောနှောစိမ့်ဝင် ပုန်းအောင်းနေသဖြင့် အကြမ်းဖက် လုပ်ရပ်များကို ကြိုတင်ကာကွယ်ရေး၊ အကြမ်းဖက်သမားများကို ရှာဖွေရေး၊ အကြမ်းဖက်သမားများကို တွေ့ရှိရေး ခက်ခဲနေသည့်သဘောရှိသည်။ အကြမ်းဖက် သမားများကို ထိရောက်စွာ ကာကွယ်တားဆီးမနှိမ်နင်းနိုင်သည်နှင့်အမျှ အကြမ်းဖက် သမားများမှာ လက်ရဲဇက်ရဲ ရှေ့တိုးလုပ်ကိုင်လာမည်ဖြစ်သည်။

အကြမ်းဖက်သမားများကို ကာကွယ်တားဆီးတိုက်ဖျက်ရေးမှာ အစိုးရအလုပ် ဖြစ်သော်လည်း ပြည်သူလူထု ပူးပေါင်းပါဝင်ကူညီမှု မပြုလုပ်နိုင်ပါက အကြမ်းဖက် လုပ်ရပ်များ ရှည်ကြာနေမည်ဖြစ်သည်။ ပြည်သူလူထုမှာလည်း စိုးရိမ်ပူပန်မှုများဖြင့် နေ့တထိတ်ထိတ်၊ ညတရွံ့ရွံ့ဖြင့် အလုပ်ပျက်အကိုင်ပျက် ဖြစ်နေကြမည်ဖြစ်သည်။ အကြမ်းဖက်သမားတို့၏ ရည်ရွယ်ချက်မှာ ဤသည်ပင်ဖြစ်သည်။ မြို့ရွာများ မတည်မငြိမ်ဖြစ်ကာ အုပ်ချုပ်သူတို့အလုပ်ရှုပ်၍ ပြည်သူလူထု၏ ပုံမှန်လူနေမှုဘဝ များ ပျက်ယွင်းပြီး အုပ်ချုပ်ရေးယန္တရား ချည့်နဲ့သွားအောင် ပြုလုပ်နေခြင်းဖြစ်သည်။

မီးရှို့၊ ဗုံးခွဲ အကြမ်းဖက်လုပ်ရပ်များကို ပြုလုပ်ကြခြင်းသည် နိုင်ငံရေးအကြောင်း ပြချက်တစ်ခုတည်း မဟုတ်ပေ။ အကြမ်းဖက်လုပ်ရပ်များကို သာမန်နိုင်ငံရေးစိတ် ပြင်းထန်ရုံမျှဖြင့် လုပ်ကိုင်နိုင်စွမ်းမရှိပေ။ ပြည်တွင်း/ ပြည်ပ အားပေးထောက်ပံ့ ကူညီမှုများနှင့် မျက်ကန်းနိုင်ငံရေးသမားများ၊ လက်နက်ကိုင်အကြမ်းဖက်သမားများ၊ လူ့ဗာလများ၊ ကိုယ်ကျိုးရှာဝိသမလောဘသားများ၊ တွန်းအားမျိုးစုံရှိနေသည့် စိတ် ခံစားချက်ပြင်းထန်သူများ၊ တစ်စုံတစ်ခုကို ပျက်စီးစေလိုသူတို့၏ ငွေပေးစေခိုင်းမှု များ၊ မိမိတို့အကျိုးမဲ့ဖြစ်ခဲ့ကြ၍ စိတ်ဆန္ဒပြင်းထန်နေသူများစသည့် အကြောင်းအမျိုး မျိုးရှိသည့် လူတစ်စုက လုပ်ကိုင်နေခြင်းဖြစ်သည်။

ထို့ကြောင့် အကြမ်းဖက်သမားဆိုသည်မှာ နိုင်ငံရေးအကြောင်းခံ သက်သက် မဟုတ်၍ မိမိတို့မြို့ရွာများနှင့် ပြည်သူများအားပျက်စီး၊ ဖျက်ဆီးကြမည့် အကြမ်းဖက် သမားရန်မှ ကာကွယ်ရေးတွင် ဆင်ခြင်တုံတရား အသိစိတ်ဓာတ်များဖြင့် ပူးပေါင်း ပါဝင် ဝိုင်းဝန်းကူညီဆောင်ရွက်ကြမှ အကြမ်းဖက် အန္တရာယ်ကင်းဝေးပြီး မြို့ရွာများ အေးချမ်းသာယာကာ ပြည်သူများ ပုံမှန်နေထိုင်မှုဘဝကိုရရှိကာ အေးချမ်းစွာနေထိုင် လုပ်ကိုင်ဆောင်ရွက်နိုင်ကြမည် ဖြစ်သည်။

လုံခြုံရေးသတိဆိုသည်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များတွင်သာ ရှိဖို့မဟုတ်ပေ။ လုံခြုံရေးသတိဆိုသည်မှာ ပြည်သူအားလုံး စိတ်ချလက်ချ ပူပင်သောကမဖြစ်ဘဲ အေးချမ်းစွာ သွားလာလုပ်ကိုင်နေထိုင်နိုင်ရေးအတွက် အစဉ်အမြဲထားရှိရမည့် သတိပင် ဖြစ်သည်။ 

အကြမ်းဖက်သမားသာမက ဒုစရိုက်သမားများ၊ မသမာသူများ၊ မကောင်းမှု ပြုသူများသည် မိမိတို့ အမှုပြုလုပ်ရန်အတွက် မကောင်းမှုပြုလုပ်ရန် ကြိုတင်ကြံစည် အားထုတ်နေကြသည်။ မကောင်းမှုကို ချက်ချင်းထလုပ်သည်မဟုတ်၊ ကြိုတင်စီစဉ် ထားကြသည်။ ပတ်ဝန်းကျင်ကို စောင့်ကြည့်နေကြသည်။ ပတ်ဝန်းကျင်ကို သတိမူ နေကြသည်။ မိမိတို့သားကောင်ကို ရှာဖွေနေကြသည်။ မိမိတို့ပစ်မှတ်အတွက် ဝင်လမ်း/ထွက်လမ်း ရှာဖွေနေကြသည်။ မကောင်းမှုပြုရန်အတွက် ပုန်းအောင်းခိုလှုံ ကြံစည်လုပ်ကိုင်နေကြသည်။ ပတ်ဝန်းကျင်မှ ပြည်သူများက မသင်္ကာစရာ တစ်စုံ တစ်ရာကို သတိမူတတ်ပါက မကောင်းမှုပြုလုပ်တော့မည်ကို ကြိုတင်သိရှိနိုင် ပေသည်။ ယင်းသည် လုံခြုံရေးအတိဖြစ်သည်။ 

အကြမ်းဖက်မှုဆိုသည်မှာ အကြမ်းဖက်မှုကျူးလွန်ရန် တစ်စုံတစ်ရာကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်မှုများ၊ ထိုသို့ပြုလုပ်မှုနှင့်ပတ်သက်၍ ပျက်ကွက်မှုများ၊ အားပေးကူညီမှုများ အားလုံးပါဝင်နေသည်။ အကြမ်းဖက်သမားသည် ပြည်သူကို သစ္စာဖောက်ခြင်းဖြစ်သည်။ တာဝန်သိပြည်သူသည် မိမိရပ်ရွာနှင့်မိမိတို့ပြည်သူ များကို ကြိုတင်ကာကွယ်ပေးခြင်းဖြစ်သည်။ နိုင်ငံတော်အပေါ် သစ္စာရှိသည့် နိုင်ငံ့ သားတစ်ယောက်သာဖြစ်သည်။ တာဝန်သိပြည်သူကို အစိုးရက အကာအကွယ်ပေး မည်သာဖြစ်သည်။ အကြမ်းဖက်အန္တရာယ်ကို အရာရာတွင် သတိမူ၍ ကြိုတင်
ကာကွယ်နိုင်သည့်အပြင် လုံခြုံရေးသတိဖြင့် အကြမ်းဖက်အန္တရာယ်ကို တိုက်ဖျက် နိုင်ပါကြောင်း။ ။

ကြေးမုံ