လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဓာတ်ပုံပြိုင်ပွဲကတော့ပြည်တွင်းက ဓာတ်ပုံဆရာတွေအတွက် အခွင့်အလမ်းတစ်ရပ်ပါ

ဦးကျော်ကျော်ဝင်း(မြန်မာနိုင်ငံ ဓာတ်ပုံအသင်းဥက္ကဋ္ဌ)

ရီရီမြင့်၊ ဥမ္မာသန့်

ဓာတ်ပုံ - ဇော်မင်းလတ်

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “နိုင်ငံ၏တန်ဖိုး လူမျိုး၏ဂုဏ်သိက္ခာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲနှင့် ပို့စကတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်၌ ကျင်းပသည်။


အဆိုပါအခမ်းအနားသို့တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံဓာတ်ပုံအသင်းဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်း၊ ဓာတ်ပုံပြိုင်ပွဲတွင် ပထမဆုရ လှမိုးနိုင်(Ko Sat)နှင့် ပို့စကတ်ပြိုင်ပွဲတွင် ပထမဆုရ မောင်ဖြိုးမောင်မောင်(ရွှေဘို)တို့၏ စကားသံများကို ဖော်ပြလိုက်ပါသည်။

 

ဦးကျော်ကျော်ဝင်း
မြန်မာနိုင်ငံ ဓာတ်ပုံအသင်းဥက္ကဋ္ဌ

ပြန်ကြားရေးဝန်ကြီးဌာနက နှစ်စဉ်ကျင်းပနေတဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဓာတ်ပုံပြိုင်ပွဲကတော့ ပြည်တွင်းက ဓာတ်ပုံဆရာတွေအတွက် အခွင့်အလမ်း တစ်ရပ်ပါ။ ပြိုင်ပွဲမှာဆုရတာက ပြည်တွင်းက ဓာတ်ပုံဆရာ တွေအတွက် မြန်မာနိုင်ငံ ဓာတ်ပုံအသင်းကနေပြီး ချီးမြှင့် နေတဲ့ ဘွဲ့တံဆိပ်တွေရဖို့အတွက်လည်း အထောက်အပံ့ တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဓာတ်ပုံအသင်းကနေပြီး ဓာတ်ပုံပညာနဲ့ပတ်သက်ပြီး ဘွဲ့တံဆိပ်တွေ ချီးမြှင့်တဲ့အခါ မှာ နိုင်ငံတော်အဆင့် ဓာတ်ပုံပြိုင်ပွဲတွေမှာ ရတဲ့ဆုတွေ၊ နိုင်ငံတကာပြိုင်ပွဲတွေမှာ ရတဲ့ဆုတွေ၊ မြန်မာနိုင်ငံဓာတ်ပုံ အသင်းကကျင်းပတဲ့ လပတ်ပြိုင်ပွဲ၊ သုံးလပတ်ပြိုင်ပွဲ အဲဒီလိုပြိုင်ပွဲတွေမှာ ရတဲ့ဆုတွေရဲ့ အမှတ်တွေကို အမှတ် အရေအတွက်နဲ့တွက်ပြီး ဘွဲ့တွေချီးမြှင့်တာဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက နှစ်စဉ်ကျင်းပနေတဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဓာတ်ပုံပြိုင်ပွဲမှာ ဆု ရရှိခြင်းဟာ မြန်မာနိုင်ငံဓာတ်ပုံအသင်းက ချီးမြှင့်နေတဲ့ ဘွဲ့တံဆိပ်တွေရဖို့အတွက်၊ အမှတ်ရဖို့အတွက်လည်း ဓာတ်ပုံ ဆရာတွေကို အထောက်အပံ့ဖြစ်ပါတယ်။ အခုဆိုရင် ဓာတ်ပုံပြိုင်ပွဲမှာ နှစ်စဉ်နှစ်တိုင်း ယှဉ်ပြိုင်လာကြတာ ဓာတ်ပုံပညာရှင်တွေလည်း ဆုရကြသလို၊ မျိုးဆက်သစ် တွေလည်း အများကြီးပေါ်လာပါတယ်။ ဒီနေ့ဆိုရင် လူငယ်လေးတစ်ယောက်လည်း ဆုရတယ်။ ဒါကလည်း နိုင်ငံ့အတွက်၊ မြန်မာနိုင်ငံ ဓာတ်ပုံလောကအတွက် မျိုးဆက်သစ်တစ်ယောက် ပေါ်ထွန်းလာတာပဲဖြစ်ပါတယ်။

ဓာတ်ပုံသမားဖြစ်တဲ့အတွက် ပြိုင်ပွဲတွေကတော့ လိုအပ်တယ်။ ဓာတ်ပုံပြိုင်ပွဲတွေ ရှိမှ၊ ဝင်ရောက်ယှဉ်ပြိုင်ကြမှ ပြိုင်ပွဲတွေမှာ ဆုရတဲ့ဓာတ်ပုံတွေကို ကြည့်ပြီးတော့ ဓာတ်ပုံ ပညာတိုးတက်ဖို့အတွက် အထောက်အပံ့ဖြစ်ပါတယ်။ ကိုယ်တိုင် ကြိုးစားအားထုတ်နေတာလည်း တစ်ပိုင်းပေါ့၊ ပြိုင်ပွဲတွေမှာ ဆုရအောင်ယှဉ်ပြိုင်နိုင်တဲ့ ကြိုးစားအားထုတ် မှုကလည်း ဓာတ်ပုံပညာတိုးတက်ဖို့ အထောက်အပံ့ အများကြီး ဖြစ်စေပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက ဒီလိုပြိုင်ပွဲတွေ ကျင်းပ ပေးနေတာ ကောင်းပါတယ်။ ကျွန်တော်တို့ အလွန်ပဲဝမ်းသာ တယ်။ ဓာတ်ပုံသမားတွေအတွက်လည်း အထောက်အပံ့ အများကြီး ဖြစ်ပါတယ်။ ပိုပြီးဖြစ်စေချင်တာက မြန်မာနိုင်ငံ အနေနဲ့ အာဆီယံအဆင့်အနေနဲ့ပဲဖြစ်ဖြစ်၊ နိုင်ငံတကာ နယ်ပယ်ပဲ ဖြစ်ဖြစ်၊ ဓာတ်ပုံပြိုင်ပွဲတွေကို ကျင်းပပေးနိုင်မယ် ဆိုရင် မြန်မာနိုင်ငံ ဓာတ်ပုံလောကအတွက်ရော၊ နိုင်ငံ အတွက်ပါ ပိုပြီးကောင်းမယ်လို့မျှော်လင့်မိပါတယ်။

ဓာတ်ပုံပြိုင်ပွဲကျင်းပတာက ဓာတ်ပုံဆရာတွေကို ချီးမြှင့်မြှောက်စားတာမျိုးဖြစ်ရင် ပိုကောင်းပါတယ်။ တစ်ခါ တလေ ပြိုင်ပွဲဝင်ဓာတ်ပုံတွေ အကုန်လုံးကို အသုံးပြုမယ် ဆိုရင်၊ ဆုရတဲ့ဓာတ်ပုံတွေကိုပဲ သုံးမယ်၊ ဆုမရတဲ့ ဓာတ်ပုံ တွေကိုတော့ ဓာတ်ပုံပညာနဲ့ပတ်သက်ပြီး အသိပညာပေး မယ်ဆိုတာမျိုးလုပ်ပေးနိုင်ရင် ပိုကောင်းမယ်။ ဒီလိုမျိုး ပြိုင်ပွဲတွေကျင်းပပေးတဲ့ ပြန်ကြားရေးဝန်ကြီးဌာနကို ကျေးဇူးတင်ပါတယ်။

 

ိျ််

လှမိုးနိုင်(Ko Sat)

ဓာတ်ပုံပြိုင်ပွဲ ပထမဆုရ

ပြန်ကြားရေးဝန်ကြီးဌာနက သတင်းစာမှာ ဖိတ်ခေါ်တဲ့ ကြော်ငြာကိုတွေ့ပြီး ဝင်ပြိုင်ဖြစ်တာပါ။ ကျွန်တော် ဆုရတဲ့ ဓာတ်ပုံလေးက မန္တလေးမှာသွားပြီး ရိုက်ခဲ့တာပါ။ မြန်မာ့ ရိုးရာထီးဖြစ်တဲ့အတွက်၊ ကျွန်တော်တို့ရဲ့ ရိုးရာဖြစ်တဲ့ အတွက် ရွေးပြီးရိုက်ဖြစ်တာပါ။ ပထမဆုရတဲ့အတွက် အလွန်ပျော်ပါတယ်။ ဓာတ်ပုံဆရာအားလုံးကို လက်တွဲခေါ် သွားချင်ပါတယ်။ အခုလိုပြိုင်ပွဲတွေ ကျင်းပပေးတဲ့အတွက် ကောင်းပါတယ်။ ကျွန်တော်တို့လည်း မြန်မာနိုင်ငံအနှံ့ ဓာတ်ပုံတွေ လျှောက်ရိုက်ပြီးတော့ ကိုယ့်ရဲ့အနုပညာလေး ကို ပြခွင့်ရတဲ့အတွက် ပြန်ကြားရေးဝန်ကြီးဌာနကို အများကြီး ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

 

့ြျြ်

မောင်ဖြိုးမောင်မောင်(ရွှေဘို)
ပို့စကတ်ပြိုင်ပွဲ ပထမဆုရ

ဆုရတဲ့ပုံလေးကို ကျွန်တော်ရွှေဘိုမြို့မှာ အောင်မြေ ဟိတဓရ ကျောင်းတိုက်က ဆံရစ်ဝိုင်းလေးတွေနဲ့ ရွှေဘို နန်းတော်ထဲမှာ ရိုက်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်း မှာ၊ လူမျိုးတိုင်းမှာ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုတွေ၊ ကိုယ်ပိုင် စာပေတွေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု အမွေအနှစ်တွေရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်မြင့်မြတ်တဲ့ သမိုင်းကြောင်း တွေကို ဖော်ကျူးချင်လို့ မြန်မာနိုင်ငံမှာရှိတဲ့ အလှတရား တွေကို ကမ္ဘာကသိအောင် အတတ်နိုင်ဆုံး ကြိုးစားကြည့် တာပါ။ ဒီလိုပြိုင်ပွဲတွေ ကျင်းပပေးတာဟာ ဓာတ်ပုံဆရာ တွေကို ချီးမြှောက်ပေးတာသာမကဘဲ နိုင်ငံရဲ့တန်ဖိုး၊ နိုင်ငံရဲ့ပုံရိပ်ကိုပါ မြှင့်တင်ပေးတာပဲ ဖြစ်ပါတယ်။

နောက်ထပ် ဓာတ်ပုံပြိုင်ပွဲတွေလည်း များများဖိတ်ခေါ် ကျင်းပပေးစေချင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား တွေရဲ့ အလှတွေ၊ မြန်မာနိုင်ငံရဲ့အလှတွေကို ကမ္ဘာသိအောင် ထုတ်ဖော်ပြသခွင့် ထပ်ရချင်ပါသေးတယ်။ ကျွန်တော်တို့ မရောက်ဖူးသေးတဲ့ နေရာဒေသတွေ၊ မြန်မာနိုင်ငံမှာရှိတဲ့ ညီအစ်ကိုတိုင်းရင်းသားအလှတရားတွေကို တစ်နေရာထဲ မှာ ကြည့်ရှုခွင့်ရတဲ့အတွက်၊ ကမ္ဘာသိအောင်ချပြနိုင်ဖို့ရာ ကြိုးစားတာကို မြင်ရတဲ့အတွက် အလွန်ပီတိဖြစ်ပါတယ်။ အလွန်ဂုဏ်ယူပါတယ်။

ဒီဓာတ်ပုံပြိုင်ပွဲအတွက် အစစအရာရာ ကူညီပေးတဲ့သူ တွေရော၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပပေးတဲ့ တာဝန်ရှိသူများအားလုံးကိုပါ အထူးကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ အလှအပတွေ၊ ယဉ်ကျေးမှုတွေကို ကမ္ဘာကသိအောင်လို့ ဆတက်ထမ်းပိုး ဆောင်ရွက်ရုံမက တခြားဓာတ်ပုံပညာရှင်တွေကိုလည်း ဖော်ထုတ်ပေးဖို့၊ ရိုက်ကူးယှဉ်ပြိုင်ခွင့်ပေးဖို့ အကြံပြုချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။