လွင်မိုးအောင်နှင့် စိုးမိုးကျော်ကို ရန်ကုန်ယူနိုက်တက်အသင်း နှစ်နှစ်အငှားစာချုပ်ဖြင့် ခေါ်ယူ

ရန်ကုန်၊ ၁၆ ဇန်နဝါရီ

၂၀၂၁ ရာသီအတွက် ပြင်ဆင်နေသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် လက်ရွေးစင်အဆင့် ကစားသမားများဖြစ်သော ကွင်းလယ်ကစားသမား လွင်မိုးအောင်နှင့် နောက်ခံလူ စိုးမိုးကျော်တို့ကို နှစ်နှစ်အငှားစာချုပ်ဖြင့် ခေါ်ယူခဲ့သည်။

ရန်ကုန်အသင်းသည် ပြည်တွင်းကစားသမားသစ်များ ဆက်တိုက်ခေါ်ယူနေခြင်းဖြစ်ပြီး ယခုလအတွင်း ငါးဦးအထိ ခေါ်ယူထားပြီးဖြစ်သည်။ လွင်မိုးအောင်နှင့် စိုးမိုးကျော်သည် အားကာသိပ္ပံမှ ကစားသမား များဖြစ်ပြီး ရန်ကုန်အသင်းက အငှားစာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ယင်းကစားသမားနှစ်ဦးသည် ၂၀၁၉ နှင့် ၂၀၂၀ ရာသီတွင် ဧရာဝတီအသင်း၌ နှစ်နှစ်အငှားစာချုပ်ဖြင့် သွားရောက်ကစားခဲ့ပြီး စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် သက်တမ်းမတိုးသဖြင့် အသင်းသစ်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ 

ယင်းကစားသမားနှစ်ဦးကို ခေါ်ယူရန် MNL ထိပ်သီးကလပ်အသင်းအချို့ ကြိုးပမ်းခဲ့သော်လည်း ရန်ကုန်အသင်းက လက်ဦးမှုရယူနိုင်ခဲ့ခြင်းဖြစ်သည်။ လွင်မိုးအောင်နှင့် စိုးမိုးကျော်သည် သက်တမ်း အလိုက် လူငယ်လက်ရွေးစင်အသင်းများတွင် အဆင့်ဆင့်ရွေးချယ်ခံခဲ့ရသလို မြန်မာ့လက်ရွေးစင် အသင်းတွင်လည်း ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲ ကြေးတံဆိပ်ဆုရ မြန်မာ ယူ-၂၂ အသင်းတွင်လည်း အမာခံကစားသမားအဖြစ် ပါဝင်ကစားခဲ့သူများဖြစ်သည်။

ရန်ကုန်အသင်းသည် လာမည့်ရာသီအတွက် ပြည်တွင်းကစားသမားသစ် ငါးဦး၊ ပြည်ပကစားသမားသစ် တစ်ဦး ခေါ်ယူထားပြီး ကစားသမားသစ်များ ထပ်မံခေါ်ယူရန် စီစဉ်လျက်ရှိသည်။ ရန်ကုန်အသင်းသည် ဧရာဝတီအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့သည့် တိုက်စစ်မှူး ဝင်းနိုင်ထွန်း၊ နောက်ခံလူများ ဖြစ်သည့် စိုးမိုးကျော်နှင့် ဇော်ဝင်း၊ ကွင်းလယ်ကစားသမား လွင်မိုးအောင်၊ အသင်းဖျက်သိမ်းသွားသည့် ဇွဲကပင်နောက်ခံလူ ကျော်ဖြိုးဝေတို့ကို ခေါ်ယူထားသည်။ ပြည်ပကစားသမားအဖြစ် ဘရာဇီးကွင်းလယ် တိုက်စစ်ကစားသမား အီမာဆင်ကို တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူအားဖြည့်ထားသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်