လင်းခေး မတ် ၅
မြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူ လူငယ်မောင်မယ်များ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ဟူသည့် ရည်ရွယ်ချက်အားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့နယ်၌ ခရိုင်နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန က ကြီးမှူး၍ ၂၀၂၆ ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို မတ် ၃ ရက်က မြို့နယ်ပြည်ငြိမ်းအေး အားကစားကွင်းရှိ အားကစားလေ့ကျင့်ရေးခန်းမ၌ကျင်းပရာ သင်တန်းသား ကျောင်းသူများက အာရှမြန်မာအက၊ အေရိုးဗစ်အကတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ဆက်လက်၍ လင်းခေးမြို့ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး ကျော်ထွန်းလတ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်း ထက်နှင့် တာဝန်ရှိသူများက ဆုရရှိသူများအား ငွေသားဆုနှင့် ဖလားဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။
သင်တန်းတွင် ဖူဆယ်၊ ဘောလုံး၊ မြန်မာ့သိုင်း၊ အေရိုးဗစ်၊ ကြက်တောင်ရိုက်၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းအားကစားနည်းနှင့် ဂျူဒိုအားကစားနည်းသင်တန်းများပါဝင်ပြီး သင်တန်းအား ဖေဖော်ဝါရီ ၁၃ ရက်မှ မတ် ၃ ရက်အထိ သင်ကြားပို့ချပေးကာ သင်တန်းသား စုစုပေါင်း ၂၅၀ တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)


