လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း မဟာယူနိုက်တက်ကို ဂိုးပြတ်အနိုင်ယူ

ရန်ကုန်   ဇွန်   ၂၈

၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁) တတိယနေ့ကို ဇွန် ၂၇ ရက် ညနေပိုင်းက သုဝဏ္ဏကွင်း၌ ကျင်းပရာ ရှမ်းယူနိုက်တက်အသင်းက မဟာယူနိုက်တက်အသင်းကို ငါးဂိုး-တစ်ဂိုး ဖြင့် အနိုင်ရခဲ့သည်။ မဟာယူနိုက်တက်အသင်း သည်ရရာသီအစ အဖွင့်ပွဲရလဒ်မှာ ကျေနပ်စရာ မကောင်းဘဲ ဂိုးပြတ်ရှုံးပွဲဖြင့် စတင်ခဲ့သည်။ မဟာယူနိုက်တက်အသင်းတွင် နောက်ဆုံး ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၀ ပြိုင်ပွဲဝင်အသင်းမှ ပြည်တွင်းအမာခံကစားသမားအများစု ပြန်လည်ပါဝင်လာသော်လည်း နိုင်ငံခြားသားကစားသမား မပါဝင်မှုကြောင့် အားပျော့ခဲ့ရသည်။ လက်ရှိချန်ပီယံရှမ်းယူနိုက်တက်အသင်းတွင် နှစ်ရာသီဆက် ချန်ပီယံဖြစ်ခဲ့သည့် ပြည်တွင်းအမာခံ ကစားသမားအများစု မရှိတော့သော်လည်း ရာသီအဖွင့်ပွဲတွင် ရလဒ်ကောင်းရယူနိုင်ခဲ့ပြီး နိုင်ငံခြားသားကစားသမား နှစ်ဦးပါဝင်သဖြင့် တိုက်စစ်ပိုင်းရုန်းကန်မှုအပိုင်း တွင် မဟာယူနိုက်တက်အသင်းထက် အသာရခဲ့ခြင်းဖြစ်သည်။ မဟာယူနိုက်တက်အသင်း၏ ပွဲထွက် လူစာရင်းတွင် အေဇင်မှူး (ဂိုး)၊ နိုင်လင်းထွန်း၊ ငြိမ်းချမ်းအောင်၊ ကျော်စွာမင်း၊ အောင်ကိုဦး မျိုးမင်းဖြိုး၊ သူရမင်းနိုင်ကျော်ထူး၊ နေဦးလွင်ထက်ဇော်ထွန်း၊ သန်းဇော်မျိုးတို့ ပါဝင်ခဲ့ပြီး ရှမ်းယူနိုက်တက်အသင်း သည် မျိုးမင်းလတ် (ဂိုး)၊ ရဲမင်းသူ၊ အောင်ကျော်သူ၊ ဟိန်းသီဟဇော်၊ နန္ဒကျော်၊ အောင်လှိုင်ဝင်း၊ ကျော်ဇင်လွင်၊ ဇင်မင်းထွန်း၊ စအောင်ပြည့်ကို၊ မတ်ခ်ဆာကီ၊ ဆန်းဒေးတို့ ပါဝင်ကစားခဲ့သည်။

ပွဲစကတည်းက နှစ်သင်းစလုံး တိုက်စစ်အသားပေးပုံစံဖြင့် ကစားခဲ့သော်လည်း မိနစ် ၃၀ နောက်ပိုင်း မှသာ သွင်းဂိုးများ တွေ့မြင်ခဲ့ရသည်။ ၃၂ မိနစ်တွင် ရှမ်းယူနိုက်တက်အသင်း ဦးဆောင်ဂိုးရခဲ့ပြီး မတ်ခ်ကီက အဝေးကန်ချက်ဖြင့် သွင်းယူခဲ့သည်။ သို့သော် နှစ်မိနစ် အကြာတွင် မဟာယူနိုက်တက် အသင်း ချေပဂိုးပြန်ရခဲ့ပြီး သူရမင်းနိုင်က သွင်းယူခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းမှ ၄၁ မိနစ်တွင် စအောင်ပြည့်ကိုက ဒုတိယဂိုးထပ်သွင်းသဖြင့် ပထမပိုင်းအပြီးတွင် နှစ်ဂိုး-တစ်ဂိုးဖြင့် ဦးဆောင် နေသည်။ ဒုတိယပိုင်းတွင်မူ ရှမ်းယူနိုက် တက်အသင်းက ပိုဖိကစားနိုင်ခဲ့ပြီး မိနစ် ၇၀ တွင် ရဲမင်းသူ၊ ၇၇ မိနစ်တွင် တည်ငြိမ်မင်းနှင့် ၈၆ မိနစ်တွင် မတ်ခ်ဆာကီတို့က သွင်းယူခဲ့သည်။

ပွဲစဉ် (၁) စတုတ္ထနေ့ကို ဇွန် ၂၉ ရက် ညနေ ၃ နာရီတွင် သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး အား/ကာသိပ္ပံအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ရဲရင့်လွင်