နေပြည်တော်   ဇူလိုင်   ၂၂

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ဒုတိယဝန်ကြီးနှင့်အတူ ယနေ့မွန်းလွဲပိုင်းက  နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်းတွင် လက်ရွေးစင်အားကစားသမားများနှင့် လူငယ်အားကစားသမားများ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း၊ အားကစားရုံများ၌ အားကစားနည်းအလိုက်‌ စခန်းဝင်လေ့ကျင့်နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ဦးစွာ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးခန်းမ(၂) ပိုက်ကျော်ခြင်းလေ့ကျင့်ရေးရုံ၌ Gold Camp လက်ရွေးစင်အားကစားသမားများနှင့်   Youth Camp မှ  လူငယ်အားကစားသမားများ၊  ပိုက်ကျော်ခြင်း   အမျိုးသား၊   အမျိုးသမီး အားကစားသမားများနှင့် ကွင်းသွင်းခြင်းခတ်အားကစားသမားများ ၏ လေ့ကျင့်နေမှုကိုလည်းကောင်း၊ လေ့ကျင့်ရေးကွင်း အမှတ်(၁)၌ ပြေးခုန်ပစ်အားကစားသမားများ လေ့ကျင့်နေမှုနှင့် ဂျူဒို လေ့ကျင့်ရေးခန်းမ၌ ဂျူဒိုအားကစားသမားများ လေ့ကျင့်နေမှုကို လည်းကောင်း ကြည့်ရှုအားပေးပြီး အားကစားနည်းများအလိုက် အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများအား‌  ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားသည်။

ထို့နောက် နေပြည်တော်  အားကစားလေ့ကျင့်ရေးစခန်းရှိ စားရိပ်သာတွင် အားကစားသမားများအတွက် တစ်နေ့တာလိုအပ်သည့် အာဟာရကယ်လိုရီပမာဏအတိုင်း အားကစားဆေးဘက်ဆိုင်ရာ ဆရာဝန်၏ စနစ်တကျတွက်ချက်၍ ချက်ပြုတ်ကျွေးမွေးလျက်ရှိသည့်  အစားအစာများနှင့် အားကစားသမားများ၏  ညနေစာသုံးဆောင်နေမှုကို  ကြည့်ရှုခဲ့ကြောင်း သိရသည်။  

သတင်းစဉ်