ဂျေရုဆလင် နိုဝင်ဘာ ၁၁
စက်တင်ဘာလတွင် လက်ဘနွန်နိုင်ငံတစ်ဝန်း၌ ဖြစ်ပွားခဲ့သော လက်ကိုင်ဆက်သွယ်ရေးစက်ကိရိယာများ ဆက်တိုက်ပေါက်ကွဲမှု၏ နောက်ကွယ်တွင် အစ္စရေးအစိုးရရှိခဲ့သည်ဟု ဝန်ကြီးချုပ်ဘင်ဂျမင် နေတန်ယာဟု ဝန်ခံခဲ့ကြောင်း အစ္စရေးမီဒီယာများ က ဖော်ပြလိုက်သည်။
နိုဝင်ဘာ ၁၀ ရက်ကပြုလုပ်ခဲ့သော ဝန်ကြီးအဖွဲ့အစည်းအဝေးတစ်ခုတွင် ဝန်ကြီးချုပ်က ထိုသို့ဝန်ခံ ပြောကြားလိုက်ခြင်းဖြစ်သည်။ လက်ဘနွန်နိုင်ငံရှိ ရှီးယိုက်မွတ်စလင်အုပ်စုဖြစ်သည့် ဟစ်ဇ်ဘိုလာအဖွဲ့များကို ပစ်မှတ်ထားသည့် ယင်းစစ်ဆင်ရေးတွင် အစ္စရေးအစိုးရပါဝင်ခဲ့ခြင်းကို ပထမဆုံးအကြိမ် ဝန်ခံခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာလတွင် လက်ဘနွန်နိုင်ငံတစ်ဝန်း၌ လက်ကိုင်ဆက်သွယ်ရေးစက်ကိရိယာများ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် လူ ၄၀ ခန့်သေဆုံးခဲ့ပြီး ၃၄၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်။ ယင်းဖြစ်စဉ်တွင် ဟစ်ဇ်ဘိုလာအဖွဲ့ဝင်အချို့ သေဆုံးခဲ့ကြောင်း ဟစ်ဇ်ဘိုလာတို့က ပြောသည်။
အကြီးတန်း လုံခြုံရေးအရာရှိများနှင့် နိုင်ငံရေးသမားများ ဆန့်ကျင်နေသည့်တိုင် ပေဂျာစစ်ဆင်ရေးနှင့် ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟက်ဆန်နာစရယ်လကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း နေတန်ယာဟု က ပြောကြားခဲ့သည်။
မစ္စတာ နေတန်ယာဟုသည် ပေဂျာစစ်ဆင်ရေးကို ခွင့်ပြုခဲ့ကြောင်း ပြင်သစ်သတင်းမီဒီယာတစ်ခုနှင့် အခြားမီဒီယာများက ဖော်ပြခဲ့သည်။ အစ္စရေးတပ်ဖွဲ့များသည် လက်ဘနွန်၌ ဟစ်ဇ်ဘိုလာတို့ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ထို့ပြင် လက်ဘနွန်တောင်ပိုင်းတွင်လည်း မြေပြင်ထိုးစစ်များကို ဆက်လက် လုပ်ဆောင်လျက်ရှိသည်။
နိုဝင်ဘာ ၁၀ ရက်က လက်ဘနွန်နိုင်ငံအလယ်ပိုင်း၌ အစ္စရေးလေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ရာ ကလေး ခုနစ်ဦး အပါအဝင် လူ ၂၃ ဦး သေဆုံးခဲ့သည်။ ၂၀၂၃ ခုနှစ်အောက်တိုဘာ နှောင်းပိုင်းမှစကာ လက်ဘနွန်နိုင်ငံအတွင်း အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် လူပေါင်း ၃၀၀၀ ကျော် သေဆုံး ခဲ့သည်။
အင်န်အိတ်ချ်ကေ