ဂျေရုဆလင် နိုဝင်ဘာ ၁၁
အစ္စရေးတပ်ဖွဲ့များက လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာများကို တိုက်ခိုက်မှုများပြုလုပ်ရန် ပြင်ဆင်နေချိန် နိုဝင်ဘာ ၁၁ ရက် မွန်းတည့်ချိန်က လက်ဘနွန်မှ အစ္စရေးမြောက်ပိုင်းသို့ ဒုံးကျည် အစင်း ၅၀ ခန့် ပစ်ခတ်ခဲ့ရာ လူသုံးဦး ဒဏ်ရာရရှိသည်။
ဒုံးကျည်များ ပစ်လွှတ်သည့် မိနစ် ၃၀ ခန့်အတွင်း ဂါလီလီအထက်ပိုင်းနှင့် အနောက်ဂါလီလီ တစ်လျှောက် လေကြောင်း တိုက်ခိုက်မှုသတိပေးသည့် ဥသြသံများ ထွက်ပေါ်လာခဲ့သည်။ ဒုံးကျည်အချို့ကို ကြားဖြတ် ဟန့်တားနိုင်ခဲ့သော်လည်း အချို့မှာ ကျရောက်ပေါက်ကွဲခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ဖြစ်စဉ်ကြောင့် ကလေးငယ်တစ်ဦး၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိကြောင်း အစ္စရေးနိုင်ငံမှ မက်ဂန်ဒေးဗစ်အာဒမ် ကယ်ဆယ်ရေးလုပ်ငန်းက ပြောကြားသည်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အက်ဗစ်ချေးအက်ဒရေးက လက်ဘနွန်တောင်ပိုင်းရှိ ရွာပေါင်း ၂၁ ရွာတွင် ဟစ်ဇ်ဘိုလာတို့၏ စစ်ရေးရည်ရွယ်ချက်အတွက် အသုံးပြုသည့်အိမ်မှန်သမျှကို ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်မည်ဖြစ်၍ နေထိုင်သူများကို နေအိမ်များမှ ချက်ချင်းထွက်ခွာရန် လူမှု ကွန်ရက် မီဒီယာမှတစ်ဆင့် အသိပေးချက်ထုတ်ပြန်ခဲ့သည်။
ဆင်ဟွာ