လှိုင်သာယာမြို့နယ်လုံးဆိုင်ရာ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပ

ရန်ကုန်  ၂၆  ဒီဇင်ဘာ

 

လှိုင်သာယာမြို့နယ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေးကော်မတီမှ ကြီးမှူးကျင်းပသည့် မြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ညနေ ၅ နာရီက အမှတ် (၈)ရပ်ကွက်ရှိ မြို့နယ်ခန်းမတွင် ကျင်းပခဲ့သည်။

 

8

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး ဒေါ်ခင်မိမိကြွယ်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ပွဲတော်ကျင်းပရေးကော်မတီမှ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး နှစ်သစ်ကူးပွဲတော် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် မြို့တော်ဝန် ဦးမောင်မောင်စိုးတို့က အမှာစကားများ ပြောကြားသည်။

 

48

 

ယင်းနောက် ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ကရင်နှစ်သစ်ကူးနေ့ကို ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသော ကရင်တိုင်းရင်းသားခေါင်းဆောင်ကြီးများ ပြခန်း၊ ကရင်ရိုးရာ လက်မှုပြခန်းများ၊ ကရင်ရိုးရာ ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှုပြခန်း၊ အနောက်ပိုးကရင်၊ စကော့ကရင်၊ အရှေ့ပိုးကရင်၊ တိုင်းရင်းသားများ၏ နေထိုင်မှုရိုးရာ ဝတ်စားဆင်ယင်မှုပုံစံများ ပြခန်းတို့ကို လှည့်လည် ကြည့်ရှုခဲ့သည်။

 

89

 

ယခုပွဲတော်တွင် ရခိုင်လူများတို့၏ ရိုးရာအကများ၊ ရှမ်းရိုးရာအကများကိုလည်း ကပြသွားမည်ဖြစ်ပြီး ကရင်ရိုးရာ ဒုံးအကများ၊ ကရင်တိုင်းရင်းသား တေးသံရှင်များ၏ ဖျော်ဖြေမှုများဖြင့် နှစ်ကူးပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်  ဖြစ်သည်။

 

89

 

အဆိုပါပွဲတော်ကို စည်းလုံးခြင်း၊ ညီညွတ်ခြင်းတွေနဲ့ တိုင်းရင်းသားအားလုံးစုပေါင်းပြီး အမျိုးသားရေး စိတ်ဓာတ် ရှင်သန်ခိုင်မာစေဖို့ ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

 

8520

 

ဆန်းကျော်ဦး (ပြန်/ဆက်)