လွိုင်ကော်မြို့နယ်ရှိ ဝမ်ငေါ့ရေတံခွန်နှင့် ထီးရိုးဆေးဝိဇ္ဇာတောင်တော်ကို လည်ပတ်နိုင်မည့် ခရီးစဉ်ဒေသ ဖော်ဆောင်နိုင်ရန် ကွင်းဆင်းလေ့လာ

လွိုင်ကော်၊ ၁၉ ဇန်နဝါရီ   

လွိုင်ကော်မြို့နယ်ရှိ ဝမ်ငေါ့ရေတံခွန်နှင့် ထီးရိုးဆေးဝိဇ္ဇာတောင်တော်တို့ကို လည်ပတ်လေ့လာနိုင်မည့် ခရီးစဉ်ဒေသအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ကယားပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှူးဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးလင်းဇော်ထွဋ် ၏ ပြောပြချက်အရ သိရသည်။

“ဒီနေရာက သဘာဝရှုခင်းတွေလည်း တကယ်လှတယ်။ ထီးရိုးဆေးဝိဇ္ဇာ‌တောင်မှာဆိုရင် သဘာဝ ကျောက်စက်ပန်းဆွဲတွေရှိတဲ့ လိုဏ်ဂူတစ်ခုလည်းရှိတယ်။ ကျွန်တော်တို့  ဒါကို ကွင်းဆင်းကြည့်တာ ပေါ့နော်။ နိုင်ငံခြားသားတွေလည်း အကြိုက်တွေ့မယ့် နေရာတစ်ခုဖြစ်ပါတယ်။ ဒီအပေါ်ကနေ ကြည့်လိုက်ရင် လောပိတနဲ့ မဝေးတဲ့အတွက်ကြောင့် ကျွန်တော်တို့က ခရီးစဉ်ဒေသ တစ်ခုကို ဖော်ဆောင်တဲ့ အချိန်မှာ ဘာတွေလိုအပ်လဲဆိုတော့ ခရီးစဉ်ဒေသတစ်ခုနဲ့တစ်ခု ဆက်စပ်ဖို့လိုပါတယ်။ အခုဆို ဒီဘက်ကိုလာရင် လောပိတကိုလာတယ်၊ ပြီးရင်ပြန်သွားကြတယ်။ ဒါနဲ့တင် မနက်ပိုင်းတစ်ပိုင်း ပြီးသွားတယ်ပေါ့။ ကျွန်တော်တို့က ကယားပြည်နယ်ကို လာတယ်ဆိုရင် ရက်ကြာကြာနေဖို့ ရည်ရွယ်ချက်ပေါ့နော်။ ရက်ကြာကြာနေမှ ခရီးသည်တွေက များများသုံးမယ်။ ကျွန်တော်တို့ ပြည်နယ် အတွက် လူမူစီးပွားဘဝ ပိုပြီးဖွ့ဖြိုးမယ်ပေါ့နော်။ ဒါကြောင့်မို့ ကျွန်တော်တို့ လောပိတနဲ့ပတ်ဝန်းကျင်မှာ လေ့လာကြည့်တော့ ခုကျွန်တော်တို့ ရောက်ရှိနေတဲ့ ထီးရိုးဆေးဝိဇ္ဇာတောင် ဆိုရင်လည်း လောပိတ ရေတံခွန်ကိုသွားပြီးတာနဲ့ ဒီဘက်ကိုဆက်လာမယ်ဆိုရင် နေ့တစ်ပိုင်းလောက် ကုန်သွားမယ်။ အေးအေး ဆေးဆေး တစ်ရက်လောက်နေမယ်ဆိုရင်လည်း ဆရာတော်ကြီး မိန့်မှာတဲ့အတိုင်းပဲ ဒီပေါ်မှာ အဓိဋ္ဌာန်လည်း ဝင်လို့ရတယ်။ ဒီပေါ်မှာ ဆရာတော်ကြီးပြောသလိုပဲ ထူးဆန်းတာ‌တွေ အများကြီး ရှိပါတယ်” ဟု ဦးလင်းဇော်ထွဋ် က ပြောပြသည်။

အဆိုပါ ခရီးစဉ် ဖော်ဆောင်နိုင်ရေးအတွက် ကယားပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ လွိုင်ကော်ခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေး ကော်မတီ(DMO) အဖွဲ့ဝင်များနှင့် ဟိုတယ် လုပ်ငန်းရှင်များအသင်း (ကယားဇုန်)တို့ ပူးပေါင်းပြီး ကွင်းဆင်းလေ့လာခဲ့ကြခြင်းဖြစ်သည်။

ကယားပြည်နယ်တွင် သဘာဝရှုခင်းနေရာ အများအပြားရှိသဖြင့် ခရီးစဉ်ဒေသအသစ် ထပ်မံဖော်ထုတ် နိုင်ရေးအတွက် ကွင်းဆင်းလေ့လာကြခြင်းဖြစ်ကြောင်း ကယားပြည်နယ်တာဝန်ခံက ဆက်လက် ပြောပြသည်။

ခရီးစဉ်ဒေသအသစ် ဖော်ထုတ်မှု အောင်မြင်ပါက ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်လာစေ မည်ဖြစ်ကြောင်း သိရသည်။

ကိုစိုင်း(လွိုင်ကော်)