လွိုင်ကော်၊ ၃ ဇန်နဝါရီ
ကယားပြည်နယ်တွင် Master Plan နှင့် Action Plan များ ရေးဆွဲဖော်ဆောင်နိုင်ရန်အတွက် ကယားပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ လွိုင်ကော်ရုံးနှင့် လွိုင်ကော်ခရိုင် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးကော်မတီတို့သည် ယမန်နေ့မွန်းလွဲပိုင်းက ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင်ရန်အတွက် လွိုင်ကော်မြို့နယ်အတွင်းရှိ အိုင်စန့်ကျေးရွာ (လီဆူးကျေးရွာ)နှင့် ဝမ်ငေါ့ရေတံခွန်တို့သို့ သွားရောက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
“ကျွန်တော်တို့အဖွဲ့အနေနဲ့ ကယားပြည်နယ်မှာ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းလေးခုကို ဖော်ဆောင်ပေးထားပြီး ဖြစ်ပါတယ်၊ အဲ့တာတွေကတော့ ပန်ပက်ကျေးရွာ (ကယန်းရွာ)၊ တနီးလာလဲ(ကယားရွာ)၊ ဒေါတမကြီး(ကယားရွာ)နှင့် ထေခို(ကယောရွာ)တို့ပဲ ဖြစ်ပါတယ်၊ ယခုအိုင်စန့်ကျေးရွာမှာရှိတဲ့ လီဆူးလူမျိုးတွေဟာ ရိုးရာမပျက် နေထိုင်နေတဲ့အတွက်ကြောင့်နဲ့ ကယားပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေ ဖြစ်တဲ့အတွက်ကြောင့် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ဖို့အတွက် ကွင်းဆင်းလေ့လာရခြင်း ဖြစ်ပါတယ်၊ ယခုလို ခရီးသွားလုပ်ငန်းတွေ ဖော်ဆောင်ပေးခြင်းအားဖြင့် ကျေးရွာမှာရှိတဲ့လူထုတွေ လူမှုစီးပွားတိုးတက်လာမယ်၊ လမ်းတွေ၊ မီးတွေ၊ ရေတွေ အဆင်ပြေလာမယ်၊ ပြည်နယ်အနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်၊ နောက်ပြီး လာရောက်လည်ပတ်တဲ့ ခရီးသွားအနေနဲ့လည်း ကယားပြည်နယ်မှာရှိတဲ့ လီဆူးလူမျိုးရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့တွေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ လွိုင်ကော်ရုံး၊ ပြည်နယ်တာဝန်ခံ ဦးလင်းဇော်ထွဋ်က ပြောသည်။
ဆက်လက်ပြီး ရှားတောမြို့နယ် ရေပူစမ်းနှင့် ကယားရိုးရာ ယဉ်ကျေးမှုများ၊ ရွာသစ်မြို့နယ်ရှိ နှစ်ပေါင်း ၁၅၀ ကျော် ညောင်ကိုင်းဘုန်းကြီးကျောင်းနှင့် ရှမ်းလူမျိုးများ၏ ယဉ်ကျေးမှုများ၊ ကွမ်ငံကျေးရွာရှိ ယင်းဘော်လူမျိုး၏ ရိုးရာယဉ်ကျေးမှုများကိုလည်း ဖော်ဆောင်သွားမည်ဟု ၎င်းကပြောသည်။
အဆိုပါ အိုင်စန့်ကျေးရွာ (လီဆူးကျေးရွာ)တွင် အိမ်ခြေပေါင်း (၄၆)အိမ်နှင့် လူဦးရေ (၁၀၀)ကျော် နေထိုင်ကြပြီး စိုက်ပျိုးရေးအနေဖြင့် ပြောင်းဖူးသာ အဓိကစိုက်ပျိုးကြကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)


