လှိုင်းဘွဲမြို့နယ်တွင်  မီးလောင်မှုဖြစ်ပွား ၂ ဦးဒဏ်ရာရရှိ

လှိုင်းဘွဲ ၂၂ မတ် 

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာ တောင်ပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းတွင် မတ်လ ၂၁ရက်နေ့ ညနေပိုင်းက ဓာတ်ဆီထည့်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ စုစုပေါင်း နေအိမ်သုံးလုံး ဆိုင်ခန်းတစ်ခန်းနှင့် အသုံးအဆောင်ပစ္စည်းများ၊ မီတာသုံးလုံး လျှပ်စစ်ကြိုး/တိုင်တို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

မတ်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ဦးတင်လင်းကျော်သည် ၎င်းနေအိမ်ရှေ့ခန်းရှိ ဓာတ်ဆီပေပါ အတွင်း မှ ဓါတ်ဆီများကို ပလတ်စတစ်ပုံးအတွင်းသို့ ဆီဂေါက်ဖြင့် ပြောင်း၍ထည့်ရာမှ ပွတ်တိုက်မှုကြောင့်တည်ငြိမ်လျှပ်စစ်ဖြစ်ပေါ်ကာ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


 
မီးလောင်မှုကြောင့် ဦးတင်လင်းကျော်(၅၆-နှစ်)ပိုင်အလျားပေ (၅၀)အနံ(၂၀-ပေ)အမြင့်(၁၅-ပေ) သွပ်မိုး ပျဉ်ခင်း ပျဉ်ကာ တစ်ထပ်နေအိမ်တစ်လုံး တရုတ်နီမီးစက်တစ်လုံး Wave 125 ဆိုင်ကယ်တစ်စီး၊  Wave100 ဆိုင်ကယ်တစ်စီး နေအိမ်အတွင်းတပ်ဆင်ထားသော မီတာ သုံးလုံး ဓာတ်တိုင်တစ်တိုင်နှင့်ငါးပင်သွားလျှပ်စစ်ကြိုး ပေ (၂၀ဝ) ခန့် မီးလောင်ပျက်စီးခဲ့သည်။

 

ထို့အပြင်  ဦးစောဘကြည်(၆၂-နှစ်)ပိုင် သွပ်မိုးပျဉ်ကာ ဆိုင်ခန်းတစ်ခန်း ၊ ဒေါ်နီလာ ထွန်း(၄၃-နှစ်) ပိုင် အလျားပေ (၆၀)အနံပေ (၂၀)၊အမြင့် ပေ ၄၀ သွပ်မိုး အုတ်ကပ်နှစ်ထပ်တိုက်၏ တံခါးများ ကျည်းပေါင် များနှင့် အမိုးသွပ်အချပ်(၈၀)ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ 

 

မီးလောင်ရာသို့ ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာပြည်သူများက ပူးပေါင်း၍ဝိုင်းဝန်း ငြိမ်းသတ်ခဲ့သဖြင့်ညနေ ၄နာရီ ၁၅မိနစ်အချိန်တွင် မီးညွှန့်ကျိုးသွားပြီး ၄နာရီမိနစ်၅၀အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါမီးလောင်သည့်အပူရှိန်ကြောင့်ဦးတင်လင်းကျော် နှင့် ၎င်း၏သားတော်စပ်သူ ကျော်လင်းဦးတို့ နှစ်ဦးတွင်ဦးခေါင်း၊ ဝဲ/ယာခြေလက်နှင့် နောက်ကျောတို့တွင်မီးရှပ်လောင်သည့်ဒဏ်ရာများ အသီးသီးရရှိခဲ့၍  လှိုင်းဘွဲဆေးရုံမှတစ်ဆင့်ဘားအံပြည်သူ့ဆေးရုံကြီး သို့ လွှဲပြောင်း ကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။

 

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)

 

IMG-a745