လိပ်သို၊ ၂၀ မေ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး တောင်ကုန်းတောင်တန်း ထူထပ် များပြားပြီး စိမ့်စမ်းရေမြေများ ကောင်းမွန်မှုကြောင့် သီးနှံများစွားရှိသည့်အနက် နှစ်ရှည်သီးနှံပင်ဖြစ်သည့် ဒူးရင်းပင်များမှာ သဘာ၀အတိုင်း စိုက်ပျိုး ရှင်သန်ကြီးထွားလေ့ရှိပြီး (၈) နှစ်နှင့် (၁၀)နှစ်ခန့်အကြာတွင် အသီးသီးကြောင်း သိရသည်။
ယခုအခါ ဒူးရင်းသီးများကို နှစ်စဉ် ၀ယ်ယူစားသုံးသူများလာခြင်း၊ စျေးကွက်များ ကျယ်ပြန့်လာခြင်းကြောင့် နှစ်စဉ် စျေးနှုန်းကောင်းများ ရရှိလာပြီး ခြံပိုင်ရှင် တောင်သူများအနေဖြင့် အပို၀င်ငွေများ ရရှိလာမှုကြောင့် ဒူးရင်းပင်များကို သဘာ၀အတိုင်း ဖြစ်သလို မထားရှိတော့ဘဲ မိမိဥယျာဉ်ခြံဝန်း၌ စနစ်တကျ စိုက်ပျိုး လာကြကြောင်း သိရသည်။
အဆိုပါ ဒူးရင်းသီးများကို လိပ်သိုဒေသရှိ ဇလဲကျေးရွာအုပ်စု၊ ကော်ပတ်ခြံကျေးရွာ၊ မြသာကုန်းကျေးရွာ၊ ကျမိုင်း၊ မြထင်ကျေးရွာနှင့် အခြားကျေးရွာများ၌ ရှင်သန်ဖြစ်ထွန်း အောင်မြင်လျက်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်း၊ သယ်ယူပို့ဆောင်မှု လွယ်ကူလာခြင်းကြောင့် တောင်ငူ-လွိုင်ကော်-မန္တလေးမြို့ရှိ ကုန်သည်များမှ လာရောက်ဝယ်ယူခြင်း တင်ပို့ရောင်းချမှုများရှိကြောင်း ယခု ဒူးရင်းသီးပေါ်စအချိန်တွင် လိပ်သိုဒေသ၌ ဒူးရင်းသီးအရွယ်အစားပေါ်မူတည်ပြီး တစ်လုံးလျှင် ငွေကျပ် (၂၀၀ဝ)၊ (၃၀၀ဝ)နှင့် (၅၀၀ဝ) အထိ ရောင်းရကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)


