လီဗာပူးတို့ ဘာစီလိုနာကို အနိုင်ယူပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲ နှစ်နှစ်ဆက် တက်ရောက်

၉  မေ

ယူအီးအက်ဖ်အေချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ ဒုတိယအကျော့ပွဲစဉ်အဖြစ် အင်္ဂလန်မြေ၌ လီဗာပူးနှင့် ဘာစီလိုနာတို့ မေ ၈ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင် လီဗာပူးအသင်း လေးဂိုး-ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။

ဂိုးပြတ်အနိုင်ရရှိ

ယင်းနှစ်သင်းသည် ပထမအကျော့ စပိန်မြေ၌ ယှဉ်ပြိုင်ခဲ့စဉ်က အိမ်ရှင် ဘာစီလိုနာအသင်း သုံးဂိုး-ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိထားသည်။ ယနေ့ပွဲတွင် အန်ဖီးလ်ကွင်း၌ နှစ်သင်းစလုံး ၄-၃-၃ တိုက်စစ်ကစားကွက်ဖြင့် ပွဲထွက်ခဲ့ပြီး အိမ်ရှင် လီဗာပူးအသင်းတွင် အဓိကအားထားရသော ဖာမီနိုနှင့် မိုဟာမက်ဆာလက်တို့ ဒဏ်ရာပြဿနာကြောင့် မပါဝင်ခဲ့ဘဲ တိုက်စစ်ပိုင်းတွင် မာနေး၊ အိုရီဂီနှင့် ရှာကီရီတို့ ပါဝင်လာပြီး ဧည့်သည်ဘာစီလိုနာအသင်းတွင် လူစုံပါဝင်ကာ ယှဉ်ပြိုင်ခဲ့သည်။ ပထမပိုင်း ပွဲချိန် ၇ မိနစ်တွင် အိုရီဂီက လီဗာပူးအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းတွင် လီဗာပူးနည်းပြ ဂျာဂျန်ကလော့ပ်က နည်းဗျူဟာ အပြောင်းအလဲတစ်ခု ပြုလုပ်ခဲ့ကာ နောက်တန်း ကစားသမား ရိုဘတ်ဆန် နေရာတွင် ဝီဂျေနယ်ဒမ်ကို အစားထိုးကစားပေးခဲ့ သည်။ ပွဲချိန် ၅၄ မိနစ်နှင့် ၅၆ မိနစ်တွင် လူစားဝင်လာသော ဝီဂျေနယ်ဒမ်ကနှစ်ဂိုး သွင်းယူကာ ၇၉ မိနစ်တွင် ထောင့်ကန်ဘောမှ အာနိုး၏ မထင်မှတ်သော ကန်တင်ဘောကို တိုက်စစ်မှူး အိုရီဂီက လီဗာပူးအတွက် အနိုင်ဂိုး သွင်းယူခဲ့သည်။

ဗိုလ်လုပွဲသို့ နှစ်နှစ်ဆက်တိုက် တက်ရောက်

လီဗာပူးအသင်းသည် ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲကို နှစ်ကျော့ပေါင်းရလဒ် လေးဂိုး - သုံးဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ နှစ်နှစ်ဆက်တိုက် တက်ရောက်ခဲ့သည်။ နည်းပြဗယ်ဗာဒီ တာဝန်ယူကိုင်တွယ်နေသည့် စပိန်ထိပ်သီးကလပ် ဘာစီလိုနာ အသင်းသည် ယမန်နှစ် ကွာတားဖိုင်နယ်တွင်လည်း အီတလီကလပ် ရိုးမားကို အိမ်ကွင်းတွင် လေးဂိုး-တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိထားပြီး အဝေးကွင်းတွင် သုံးဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရကာ ယခုနှစ်တွင်လည်း အဝေးကွင်းအားနည်းမှုကြောင့် အကြိုဗိုလ်လုပွဲမှ ထွက်ခွာခဲ့ရသည်။ ယနေ့ပွဲအနိုင်ရရှိသည့် လီဗာပူးအသင်းသည် ချန်ပီယံလိဂ် အမည်ပြောင်းပြီး နောက်ပိုင်းတွင် အဝေးကွင်း သုံးဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီး အိမ်ကွင်းတွင် ဂိုးပြတ် အနိုင်ယူကာ ဗိုလ်လုပွဲတက်ရောက်လာသည့် ပထမဦးဆုံးအသင်း ဖြစ်လာသည်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲကြီးကို စပိန်နိုင်ငံ မက်ဒရစ်မြို့ အက်သလက်တီကို အသင်း၏ မီထရိုပိုလီတာနို ကွင်းကြီးတွင် ဇွန် ၂ ရက် နံနက် ၁ နာရီခွဲတွင် ယှဉ်ပြိုင်

ကြမည်ဖြစ်သည်။

သီဟ