လီဗာပူးအသင်းက ပေါ်တိုအသင်းကို ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိ

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ပေါ်တိုအသင်းနဲ့ လီဗာပူးအသင်းတို့ပွဲစဉ်ကို စက်တင်ဘာ ၂၉ ရက်နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ လီဗာပူး အသင်းကပေါ်တိုအသင်းကို ငါးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ လီဗာပူးအသင်းဟာ တိုက်စစ်မှူး ဆာလာရဲ့ ပွဲကစားချိန် ၁၈ မိနစ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ပွဲကစားချိန် ၄၅ မိနစ်မှာ မာနေးရဲ့ သွင်းဂိုးထပ်မံ ရရှိခဲ့တာကြောင့် ပထမပိုင်းပွဲကစားချိန်အပြီးမှာ လီဗာပူးအသင်း က ပေါ်တိုအသင်းကို နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ဒုတိယပိုင်းပွဲကစားချိန် အတွင်းမှာလည်း အကောင်းဆုံးခြေစွမ်းပိုင်ဆိုင်ခဲ့ တာကြောင့် ပွဲကစားချိန် မိနစ် ၆၀ မှာ ဆာလာရဲ့ သွင်းဂိုးထပ်မံရရှိခဲ့ပြီး ၇၄ မိနှစ်ရောက်မှသာ ပေါ်တို အသင်းက တာရီမီရဲ့ သွင်းဂိုးနဲ့ ချေပဂိုးစတင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အိမ်ရှင်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပေါ်တိုအသင်းဟာ နောက်ထပ်ချေပဂိုးတွေ မသွင်းယူနိုင်ခဲ့ဘဲ ပွဲကစားချိန် ၇၇ မိနစ်၊ ပွဲကစားချိန် ၈၁ မိနစ်တို့မှာ ဖာမီနိုရဲ့ သွင်းဂိုးတွေကို ထပ်မံခွင့်ပြုပေးလိုက်ရတာကြောင့် လီဗာပူးအသင်းက ပေါ်တိုအသင်းကို ငါးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဦးဆောင်ခွင့်ရရှိထား လီဗာပူးအသင်းဟာ အုပ်စု(B)မှာ နှစ်ပွဲကစားပြီးနောက် နှစ်ပွဲစလုံးအနိုင်ရရှိထားတာကြောင့် ရမှတ်ခြောက်မှတ်နဲ့ အုပ်စုအဆင့်မှာ ထိပ်ဆုံးကနေ ဦးဆောင်ခွင့် ရရှိထားတာဖြစ်ပါတယ်။

နိုင်ပွဲကိုယ်စီရရှိခဲ့ ပေါ်တိုအသင်းနဲ့ လီဗာပူးအသင်းတို့ပွဲစဉ်နဲ့ တစ်ရက်တည်း ယှဉ်ပြိုင်ကစားခဲ့တဲ့ အခြားသော ပွဲစဉ်တွေမှာ အေဂျက်အသင်းက ဘီဆစ်တက်အသင်း ကို နှစ်ဂိုး-ဂိုးမရှိ၊ ပီအက်စ်ဂျီအသင်းက မန်စီးတီး အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ ဒေါ့မွန်အသင်းက စပို့တင်း အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ကလပ်ဘရုဂျ်အသင်းက လိုက်ဇစ်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ အက်သလက်တီ ကိုမက်ဒရစ်အသင်းက အေစီမီလန်အသင်းကို နှစ်ဂိုးတစ်ဂိုး၊ ရှိရစ်ဖ်အသင်းကရီးယဲလ်မက်ဒရစ်အသင်းကို နှစ်ဂိုး-တစ်ဂိုး စသဖြင့် နိုင်ပွဲကိုယ်စီရရှိခဲ့တာဖြစ်ပြီး ရှက်တာဒိုးနက်စ်အသင်းနဲ့ အင်တာမီလန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်တစ်ပွဲတည်းသာ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ငွေကြယ်