လေကြောင်းလိုင်းကဏ္ဍကို ရိုက်ခတ်မှုတွေဖြစ်စေခဲ့တဲ့ အင်ဒိုနီးရှားလေယာဉ်ပျက်ကျမှု

ထွန်းသစ်စ

သီရိဝိဇယလေယာဉ်ကြီး ပျံတက်ပြီး မကြာမီ ဘာကြောင့်ပင်လယ်ထဲ ပျက်ကျ သွားသလဲဆိုတာကို ရှာဖွေဖော်ထုတ်နိုင်ဖို့အတွက် အင်ဒိုနီးရှားစုံစမ်းစစ်ဆေးသူတွေ အဖြေရှာနေကြပါတယ်။ ဒီအဖြေကိုလည်း လူတိုင်းစိတ်ဝင်စားမယ်လို့ မျှော်လင့်မိပါတယ်။ အခုလို လေယာဉ်ပျက်ကျတာဟာ ပထမဆုံးတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကလည်း ခြင်္သေ့လေကြောင်းလိုင်း လေယာဉ်ကြီးပျက်ကျမှု ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီတုန်းကလည်း လူအသေအပျောက်များခဲ့ပါတယ်။ ၁၈၉ဦး သေဆုံးခဲ့တယ်လို့ မှတ်တမ်းတင် ဖော်ပြခဲ့ပါတယ်။ 

လေယာဉ်ကြီးဘာဖြစ်သွားတာလဲ

သီရိဝိဇယလေယာဉ်ကြီးဟာ ဇန်နဝါရီ ၉ ရက်က အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်ဂျကာတာလေဆိပ်က ပျံတက်ပြီး သိပ်မကြာခင်မှာပဲ ဂျာဗားပင်လယ်ထဲသို့ ပျက်ကျခဲ့ပါတယ်။ အဲဒီလေယာဉ်ပေါ်မှာ ကလေး ၁၀ ဦးအပါအဝင် ခရီးသည်တွေရော၊ လေယာဉ်အမှုထမ်းတွေအပါအဝင် လူပေါင်း ၆၂ ဦး လိုက်ပါလာခဲ့ပါတယ်။ ပျက်ကျမှုဖြစ်ပွားတဲ့အချိန်မှာ အဲဒီလေယာဉ်ကြီးဟာ အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်းပေါ်မှာရှိတဲ့ ပွန်တီယာနက်မြို့ကို ပျံသန်းနေတာဖြစ်ပါတယ်။

လေယာဉ်ကြီးဟာ အဲဒီနေ့က ဒေသစံတော်ချိန် ညနေ ၂ နာရီ ၃၆ မိနစ်မှာ အင်ဒိုနီးရှားနိုင်ငံရဲ့ ဂျကာတာလေဆိပ်က ထွက်ခွာလာပြီး လေးမိနစ်အကြာ ၂ နာရီ ၄၀ မိနစ်မှာ အမြင့်ပေ ၁၀၉၀၀ အရောက်ကနေပြီးတော့ ရုတ်တရက် အဆက်အသွယ်ပြတ်တောက်ပြီး ပျက်ကျသွားခဲ့တာဖြစ်တယ်လို့ ဖလိုက် ရေဒါ၂၄မှာ ဖော်ပြထားပါတယ်။ ဖလိုက်ရေဒါ ၂၄ဆိုတာကတော့ လေကြောင်းသတင်းအချက်အလက်တွေကို ဖော်ပြနေတဲ့ အင်တာနက်ဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။

လေယာဉ်ပျက်ကျမှုဖြစ်ခဲ့တဲ့ ဂျကာတာမြောက်ပိုင်းမှာရှိတဲ့ ကျွန်းပေါင်းတစ်ထောင်လို့ လူသိများတဲ့ နေရာတစ်ဝိုက်မှာ ရေငုပ်သမားတွေနဲ့ ရှာဖွေရေး အဖွဲ့တွေဟာ လေယာဉ်ပျက်အပိုင်းအစတွေနဲ့ လူတွေရဲ့ ခန္ဓာကိုယ်အပျက်အစီး အပိုင်းအစတွေကို တွေ့ရှိခဲ့ကြပါတယ်။ တစ်ယောက်မှ အသက်ရှင်ကျန်ရစ်သူ မရှိတော့ပါဘူး။ ဒါဟာ ဝမ်းနည်းကြေကွဲဖွယ်ရာကိစ္စတစ်ခု ဖြစ်ပါတယ်။

ရှာဖွေမှုတွေကို ဆက်လက်လုပ်ဆောင်လျက်ရှိ

ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဟာ သူတို့ရဲ့ ရှာဖွေမှုတွေကို ဆက်လက် လုပ်ဆောင်လျက်ရှိပါတယ်။ ထို့အတူပဲ ရလဒ်ကောင်းတွေ ရရှိမယ်လို့လည်း မျှော်လင့်တယ်လို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် ရက်စ်မင်းန် အမ်အက်စ်ကပြောပါတယ်။ ဘလက်ဘောက်စ်လို့ပြောနေတဲ့ လေယာဉ်ပျံသန်းမှုနဲ့ လေယာဉ်ဖြစ်စဉ်အစုစုတို့ကို မှတ်တမ်းတင်ထားတဲ့ ကိရိယာဟာ လေယာဉ်ပျက်ကျမှုကို ၉၀ ရာခိုင်နှုန်းလောက် ရှင်းပြနိုင်တယ်လို့ လေကြောင်းကျွမ်းကျင်သူတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၃ ရက်ကတော့ ရေငုပ်သမားတွေဟာ လေယာဉ်ပျက်အပိုင်းအစတွေကို ပိုမိုရှာဖွေဖော်ထုတ်နိုင်ခဲ့သလို အလားတူပဲ လေယာဉ်ပျက်ကျမှုမှာ သေဆုံးသွားသူတစ်ဦးရဲ့ ပျက်စီးနေတဲ့ သက်သေခံကတ်ပြားတစ်ခုကိုလည်း ရရှိခဲ့တယ်လို့ ရေတပ်အရာရှိဖြစ်သူ အဗ္ဗဒူရေ့စ်ယစ်က သတင်းထောက်တွေကို သတင်းပေးလိုက်ပါတယ်။ အဝေးထိန်းကိရိယာနဲ့ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ ရေအောက်ရှာဖွေရေးယာဉ် (အာရ်အိုဗွီ)တစ်စင်းကို ပျက်စီးလေယာဉ်ကို ရှာဖွေဖို့ ပင်လယ်ကြမ်းပြင်မှာ ဖြန့်ကြက်ထားပါတယ်။ ရှာဖွေမှုတွေကို ပိုမိုအသေးစိတ် ထပ်မံလုပ်ဆောင်နိုင်မှာဖြစ်တယ်လို့လည်း သူကဆက်လက်ပြောကြားလိုက်ပါတယ်။ 

မရှင်းပြနိုင်သေးပါဘူး

အခုချိန်ထိကတော့ သက်ဆိုင်ရာအာဏာပိုင်တွေဟာ ပျံတက်ပြီး လေးမိနစ်အကြာမှာ ပျက်ကျခဲ့တဲ့ သက်တမ်း ၂၆ နှစ်ရှိပြီဖြစ်တဲ့ လေယာဉ်ကြီး ဘာကြောင့် ပျက်ကျခဲ့သလဲဆိုတာကိုတော့ မရှင်းပြနိုင်သေးပါဘူး။
အမေရိကန် အမျိုးသားသယ်ယူပို့ဆောင်ရေးဆိုင်ရာ ဘေးအန္တရာယ်ကင်းရေးအဖွဲ့က ဂျကာတာကို စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ စေလွှတ်လိုက်ကြောင်းနဲ့ အဲဒီအဖွဲ့မှာ ဘိုးရင်း၊ အမေရိကန်လေကြောင်း အာဏာပိုင်အဖွဲ့၊ ဂျီအီးလေယာဉ်အင်ဂျင်ထုတ်လုပ်ရေးမှ တာဝန်ရှိသူတွေအပါအဝင် ကျွမ်းကျင်အဖွဲ့တွေကို စေလွှတ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

လူပေါင်း ၃၀၀၀ ကျော်ဟာ လေယာဉ်ပျောက်ရှာဖွေရေးမှာ ပါဝင်ခဲ့ကြပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ လှေတွေ၊ ရဟတ်ယာဉ်တွေလည်း အင်အားဖြည့်တင်းရှာဖွေလျက်ရှိပါတယ်။ ထို့အတူ ရေအောက်ရှာဖွေရေးယာဉ်တွေကိုလည်း ရေငုပ်သမားတွေကို ကူညီဖို့ လွှတ်ထားပါတယ်။
ဒီရှာဖွေရေးဟာ မပြီးဆုံးသေးပါဘူးလို့ အင်ဒိုနီးရှားစစ်ဘက်ဆိုင်ရာ အကြီးအကဲ ဟာဒီဂျာဂျန်တို့က ဇန်နဝါရီ ၁၂ရက်နှောင်းပိုင်းက ပြောကြားလိုက်ပါတယ်။ သေကျေပျက်စီးသူများနဲ့ ကျန်ရှိနေသေးတဲ့ အပျက်အစီးအပိုင်းအစတွေကို ဆက်လက်ရှာဖွေသွားဦးမယ်လို့ သူကပြောပါတယ်။

ထပ်မံတွေ့ရှိ

မှောင်မိုက်နေတဲ့ ရေအောက်အနက်ဆုံးအပိုင်းက ထပ်မံတွေ့ရှိခဲ့တဲ့ လူ့ခန္ဓာကိုယ်အစိတ်အပိုင်း သုံးခုရဲ့ လက်ဗွေရာတွေ့ရှိချက်အရ နောက်ထပ် သေဆုံးခဲ့သူသုံးဦးကို ထပ်မံဖော်ထုတ်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ဇန်နဝါရီ ၁၃ ရက်က ပြောကြားလိုက်ပါတယ်။ အဲဒီပျက်ကျလေယာဉ်ပေါ်မှာ ကလေး ၁၀ ဦးလည်း လိုက်ပါလာခဲ့ပါတယ်။ အဲဒီလေယာဉ်ဟာ မြို့တော်ဂျကာတာမှ ပွန်တီယာနက်ခ်ကို ဦးတည်ပြီး ပျံသန်းနေတာ ဖြစ်ပါတယ်။ အဲဒီခရီးစဉ်ဟာ မိနစ် ၉၀ ကြာပါတယ်။

ရှာဖွေတွေ့ရှိထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း အပျက်အစီးတွေကို ရဲဘက်ဆိုင်ရာ ရင်ခွဲရုံကိုပေးပို့ခဲ့ပါတယ်။ မှုခင်းစစ်ဆေးရေးအရာရှိတွေအနေနဲ့ အဲဒီသူတွေကို ဒီအင်န်အေစစ်ဆေးခြင်းတွေ လက်ဗွေရာတွေ အသုံးပြုပြီး ခွဲခြားပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ 

ဆက်လက်စုံစမ်းရဦးမယ်

လေယာဉ်ပျက်မကျခင်မှာ လေယာဉ်အမှုထမ်းတွေဟာ အရေးပေါ် အခြေအနေကြေညာခြင်း သို့မဟုတ် နည်းပညာချွတ်ယွင်းမှုဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းဖော်ပြခြင်းမျိုးမရှိခဲ့ဘူးလို့ သက်ဆိုင်ရာအာဏာပိုင်တွေက ပြောပါတယ်။ ရေထဲကိုထိုးမကျခင် အကောင်းပကတိအတိုင်းပဲ ရှိမလား။ ရေထဲကို ထိုးကျပြီး ပျက်စီးမှုတွေပဲဖြစ်ခဲ့သလားဆိုတာ ဆက်လက်စုံစမ်းရဦးမှာ ဖြစ်ပါတယ်။

အသေးစိတ်သိဖို့အတွက်ဆိုရင်တော့ လအနည်းငယ်ကြာဦးမှာ ဖြစ်ပါတယ်။ သို့သော်လည်း ရက်ပေါင်း ၃၀ အတွင်း ကနဦးအစီရင်ခံမှုကိုတော့ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ရေထဲကိုထိုးမကျခင် လေယာဉ်ဟာ သူ့ရဲ့ ဦးတည်ရာလမ်းကြောင်း ရုတ်တရက်ပြောင်းလဲလာခဲ့တယ်လို့ လေယာဉ်ခြေရာခံအချက်အလက်များက | ဖော်ပြထားပါတယ်။ ကနဦးယူဆချက်များအရ လေယာဉ်ဟာ ရုတ်တရက် ဆိုးရွားတဲ့ ရာသီဥတုကြောင့်သော်လည်းကောင်း၊ လေယာဉ်မှူးအမှားကြောင့်သော်လည်းကောင်း သို့မဟုတ် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် သော်လည်းကောင်း ပျက်ကျမှုဖြစ်ခဲ့တယ်လို့ သုံးသပ်ယူဆရမှာ ဖြစ်ပါတယ်။

လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး အွန်လိုင်းမှာ မမှန်သတင်း ဖော်ပြမှုများလည်း ရှိခဲ့ပါတယ်။ အဲဒါကတော့ အသက်ရှင်ကျန်ခဲ့တဲ့ ကလေးတစ်ယောက်ကို ပြသခဲ့တဲ့ပုံတွေ အွန်လိုင်းမှာ ပျံ့နှံ့နေခဲ့တာပါ။ တကယ်တော့ အဲဒီပုံဟာ ၂၀၁၈ခုနှစ်လှေအပျက်အစီးမှာ ကယ်ဆယ်ခဲ့တဲ့ ကလေးငယ်တစ်ဦးရဲ့ ပုံဖြစ်ပါတယ်။ တရားဝင်သတင်းအချက်အလက် ထုတ်ပြန်ဖော်ပြခြင်း မရှိသေးတဲ့အချိန်မှာ ကျွန်တော်တို့တွေဟာ အွန်လိုင်းသတင်းတွေကို ဆန်းစစ်တတ်ဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ မမှန်သတင်းရဲ့ အန္တရာယ် ဟာလည်း စိုးရိမ်စရာကောင်းပါတယ်။

စိုးရိမ်စရာဖြစ်

သီရိဝိဇယလေကြောင်းလိုင်းဟာ အင်ဒိုနီးရှားနဲ့ အရှေ့တောင်အာရှမှာ ပျံသန်းနေတဲ့ လေကြောင်းလိုင်းတစ်ခုဖြစ်ပါတယ်။ အများဆုံးကတော့ လေယာဉ်ပြေးလမ်းချော်မှုလောက်ပဲ ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ စီအီးအိုကတော့ လေယာဉ်ဟာ ပျံသန်းပြေးဆွဲဖို့သင့်တော်တယ်လို့ ပြောခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ အလျင်အမြန် ဖွံ့ဖြိုးနေတဲ့လေကြောင်းလိုင်းကဏ္ဍဟာ လုံခြုံရေးဆိုင်ရာအခြေအနေတွေကြောင့် စိုးရိမ်စရာ ဖြစ်နေပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ လေကြောင်းလိုင်းကဏ္ဍကို ဟိုးအရင်တစ်ခါက အမေရိကန် နှင့် ဥရောပလေပိုင်နက်တွေမှာ ပျံသန်းခြင်းမပြုဖို့တားမြစ်ခဲ့ဖူးပါတယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလကလည်း ခြင်္သေ့လေကြောင်းလိုင်းမှ ဘိုးရင်း ၇၃၇ မက်စ်ဂျက်လေယာဉ်ဟာ ဂျကာတာအနီးမှာ ပျက်ကျခဲ့ပါတယ်။ အဲဒီဖြစ်စဉ် မှာ လူပေါင်း ၁၈၉ ဦး သေဆုံးခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ လေယာဉ်ပျက်ကျမှုရှာပုံတော်ဟာ ပြီးဆုံးဦးမှာ မဟုတ်ပါဘူး။ နောက်ဆုံး ဘာကြောင့် ပျက်ကျမှုဖြစ်ပွားခဲ့သလဲဆိုတာကို ရှင်းပြနိုင်တဲ့အထိ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ အာဏာပိုင်တွေဟာ ကြိုးစားသွားရဦးမှာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ အရှေ့တောင်အာရှမှာသာမက ကမ္ဘာတစ်ဝန်းလုံးကပါ စိတ်မကောင်းဖြစ်ရတဲ့ကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။ ။

ကိုးကား - အေအက်ဖ်ပီ