လောကကြိုးဝိုင်း ဇာတ်လမ်းတွဲတွင် ဗီလိန်ကာရိုက်တာအတွက် ကြိုးစားထားသည့် မေမြတ်နိုး

ကိုလင်း

မေ ၅ ရက် ည ၇ နာရီမှစ၍ CANAL+ Zat Lenn ရုပ်သံလိုင်းမှ ထုတ်လွှင့် ပြသနေသည့် လောကကြိုးဝိုင်း ရုပ်သံဇာတ်လမ်းတွဲတွင် အဓိကသရုပ်ဆောင်တစ်ဦးအဖြစ် ပါဝင်ထားသည့် မေမြတ်နိုးက ဗီလိန်ကာရိုက်တာကို ပထမဆုံး သရုပ်ဆောင် ရခြင်းအတွက် ကြိုးစားထားကြောင်း ပြောကြားသည်။

“မြတ်နိုးအနေနဲ့ ဇာတ်လမ်းပုံစံကိုတော့ မပြောပြချင်သေးပါဘူး၊ ဇာတ်လမ်းပုံစံကို ပြောပြလိုက်လို့ရှိရင် ဇာတ်လမ်းအစအဆုံးကို ပရိသတ်တွေက ခန့်မှန်းနိုင်သွားမယ်လို့ထင်တယ်၊ အဲဒါကြောင့် ဇာတ်လမ်းကို မြတ်နိုးမပြောချင်ဘူး။ ဇာတ်လမ်းတွဲ စပြတဲ့အချိန်ကျတော့မှပဲ ကြည့်ကြပါလို့။ ဇာတ်လမ်းကတော့ အက်ရှင်ဒရာမာ ဇာတ်လမ်းပါ။ ဇာတ်လမ်းတွဲဖြစ်တဲ့အတွက် စိတ်လှုပ်ရှားနေတာတော့ အမှန်ပါပဲ။ ရုပ်ရှင်ဇာတ်ကားကြီးဆိုရင် နှစ်နာရီစာလောက်ကိုပဲ ပရိသတ်ရှေ့ကို ပြရတယ်။ အခုကျတော့ ဇာတ်လမ်းတွဲဖြစ်တဲ့အတွက် ပရိသတ်နဲ့ ထိတွေ့ခွင့်က ငါးနာရီကျော် စာလောက်ရှိတယ်။ အပိုင်းခြောက်ပိုင်း ပြသမှာပါ။ အဲဒီအခါကျတော့ ပရိသတ်က ကြည့်နေရင်းနဲ့ မြတ်နိုးရဲ့ကာရိုက်တာ ကောင်းတယ်၊ မကောင်းဘူး ဆိုတာကို ဆုံးဖြတ်လို့ ရသွားမယ်လို့လည်း မြတ်နိုးထင်တယ်”ဟု မေမြတ်နိုးက ပြောသည်။

ဗီလိန်ကာရိုက်တာ သရုပ်ဆောင်ခြင်းနှင့် ပတ်သက်၍လည်း “ဒီကားထဲမှာ ကာရိုက်တာအရ မြတ်နိုးက ဗီလိန်ကာရိုက်တာ လုပ်ရတယ်ဆိုပေမယ့်လည်း အပြင်မှာ တကယ်ဗီလိန်မှမဟုတ်တာ။ ဒါကို ပရိသတ်တွေဘက်ကလည်း နားလည်ပေးမယ်လို့ ထင်ပါတယ်။ မြတ်နိုးကတော့ ဗီလိန်ကာရိုက်တာမို့လို့ဆိုတာထက် ကာရိုက်တာတိုင်းမှာ သင်ယူစရာတွေ လေ့လာစရာတွေနဲ့ ပြည့်နေတာမို့လို့ ဘယ်လိုကာရိုက်တာမျိုးကိုပဲဖြစ်ဖြစ် လုပ်ကြည့်ချင်ပါတယ်၊ မြတ်နိုးရဲ့ သရုပ်ဆောင်မှုအပေါ် ပရိသတ်တွေက ဘယ်လိုမျိုး ဝေဖန်ကြမလဲဆိုတာကိုလည်း ရင်ခုန်ပါတယ်။ အရင်တုန်းက မြတ်နိုး ဇာတ်ကားတွေ ရိုက်ခဲ့တယ်။ အဲဒီမှာ ပရိသတ်တွေ လက်ခံအားပေးတာ ကိုလည်း ရခဲ့သလို မကြိုက်ကြတဲ့ပရိသတ်တွေလည်း ရှိခဲ့ပါတယ်။ ဒါကတော့ လူအမျိုးမျိုး ရှိတာကိုနော်။ အခုလည်း ပရိသတ်တွေက မြတ်နိုးရဲ့ သရုပ်ဆောင်မှု အပေါ်မှာ ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ကြိုပြီးတော့ ရင်ခုန်နေရပါတယ်”ဟုလည်း မေမြတ်နိုးက ဆက်ပြောသည်။

မြန်မာ့အလင်း