လားရှိုး ၂၂ မေ

 

ကိုဗစ်-၁၉  ကပ်ရောဂါကာလ၌ ထရော်လီ ကိုဗစ် ၁၉ အမည်ရှိ အဝေးထိန်း ပစ္စည်းတင် ကိရိယာအား လားရှိုးပြည်သူ့ ဆေးရုံကြီးရှိ ဆရာဝန်ဆရာမများနှင့် လူနာများကြား ချိတ်ဆက် အသုံးပြုနိုင်ရန် ရည်ရွယ်၍ လားရှိုးနည်းပညာတက္ကသိုလ်က တီထွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဝေးထိန်းပစ္စည်း တင် ကိရိယာဟာ (၃၅)ကီလိုတင်ဆောင်ပါ က အရှေ့အနောက်သာ သွားလာနိုင်ပြီး (၂၅)ကီလို သာတင်ဆောင်ထားပါက အရှေ့အနောက်သာမက အကွေ့များကိုပါ    ကောင်းစွာ ထိန်းချုပ်မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ ကိုဗစ်ကာလ မှာ လူနာတွေနဲ့ချိတ်ဆက်အသုံးပြုနိုင်ဖို့ ကြိုးစားခဲ့ကြတာပါ၊ တစ်ခုရဲ့ကုန်ကျစရိတ်က ငွေကျပ် (၅)သိန်းကျပ်နဲ့(၆)သိန်း ဝန်းကျင်မှာရှိပါတယ်။ ကျွန်တော်တို့တွေက ကြီးကြပ်ပြီး ကျောင်းသားကျောင်းသူတွေပါဝင်တီထွင်ခဲ့ကြတာပါ ” ဟု  လားရှို နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာတင့်ဆန်းက ပြောသည်။

 

မေလ(၂၂)ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက်  အဆိုပါ တီထွင်ထားမှုကိုကြည့်ရှုအားပေးခဲ့ပြီးနောက် တီထွင်မှုများ ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် လားရှိုးနည်းပညာတက္ကသိုလ်သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသော ငွေကျပ်သိန်း(၂၀)ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

ဟန်ဌေး(လားရှိုး)