လာမည့်ရက်များအတွင်း အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများသို့ ဝင်ရောက်နိုင်

နေပြည်တော် ၂ ဇွန်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မွန်းလွဲ ၂ နာရီတွင် နေ့စဉ်မိုးလေဝသသတင်း ထုတ်ပြန်ရာ ယနေ့နံနက် ၉ နာရီခွဲထိ မိုးလေဝသတိုင်းထွာချက် အကျဉ်းချုပ်မှာ လွန်ခဲ့သော(၂၄)နာရီအတွင်းက ကယားပြည်နယ်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ကာ၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဒေသအလိုက်နှင့် ရန်ကုန်တိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးခဲ့သည်။ 

မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ တံတားဦးမြို့တွင် (၆.၄၅)လက်မ၊ စဉ့်ကိုင်မြို့တွင် (၄.၉၈) လက်မ၊ ပုသိမ်ကြီး (ရွှေစာရံ)တွင် (၄.၃၂)လက်မ၊ ရန်ကုန်(မြို့လယ်)တွင် (၄.၂၁) လက်မ၊ လွန်ကျော်မြို့တွင် (၃.၇၀)လက်မ၊ ကျောက်ဆည်မြို့တွင် (၃.၅၀)လက်မ၊ အမရပူရမြို့တွင် (၂.၇၈)လက်မ၊ မအူပင်မြို့တွင် (၂.၆၀)လက်မ၊ မိတ္ထီလာမြို့တွင် (၂.၅၂)လက်မ၊ မြင်းမူမြို့နှင့် မြစ်သားမြို့တို့တွင် (၂.၃၆)လက်မစီ၊ လပွတ္တာမြို့တွင် (၂.၃၂)လက်မ၊ မုံရွာမြို့တွင် (၂.၂၀)လက်မ၊ လှိုင်းတက်မြို့နှင့် ဖျာပုံမြို့တို့တွင် (၂.ဝ၈)လက်မစီနှင့် မြောင်းမြမြို့တွင် (၁.၉၇)လက်မတို့ဖြစ်ကြပသည်။

ဘင်္ဂလားပင်လယ်အော် အ‌ခြေအနေမှာ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့်ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။

မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်အနေဖြင့် နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်း (၈၀) ဖြစ်သည်။

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၆)ပေခန့် ရှိနိုင်သည်။

နောက်(၂)ရက်အတွက် ခန့်မှန်းချက်မှာ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများသို့ ဝင်ရောက်နိုင်သည်။

မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်များမှာ နေပြည်တော်နှင့် အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း (၈၀) ဖြစ်သည်။ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

MDN