လာမည့်နှစ် ခရီးသွားလုပ်ငန်းမှ ကန်ဒေါ်လာ ၂၆ ဘီလီယံရရှိရန် ထိုင်းအစိုးရမျှော်မှန်း

 

ဗန်ကောက် အောက်တိုဘာ ၁၀

ထိုင်းနိုင်ငံက လာမည့်နှစ်အတွင်း ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံ (ဘတ် ၈၈၂ ဘီလီယံ) ရရှိရန် ရည်မှန်းထားကြောင်း သိရသည်။

နိုင်ငံ၏ခရီးသွားလုပ်ငန်းမှ ဝင်ငွေအမြောက်အမြားရရှိရန်အတွက် နိုင်ငံခြားခရီးသွားအများအပြား လာရောက်လည်ပတ်ရန် လိုအပ်သည့် စီမံဆောင်ရွက်မှုများကို လုပ်ဆောင်လျက်ရှိသည်။

လွန်ခဲ့သော နှစ်နှစ်တာကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် နိုင်ငံ၏စီးပွားရေးအခြေအနေ အလွန်အမင်း ထိခိုက်ခဲ့ရသည်။ ပြည်တွင်းခရီးသွားလုပ်ငန်းသည် ထိုင်းနိုင်ငံ၏ ဝင်ငွေအများဆုံးရရှိသော လုပ်ငန်းတစ်ခုဖြစ်သည်။ ကာကွယ်ဆေးထိုးနှံမှု ခံယူပြီးသည့် နိုင်ငံခြားသားခရီးသွားများအား နိုင်ငံအတွင်းသို့ လာရောက်ခွင့်ပြုရန် ထိုင်းအစိုးရက အစီအစဉ်တစ်ရပ် ရေးဆွဲခဲ့သည်။

ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့က ချင်းမိုင်၊ ဖူးခက်စသည့် ကမ္ဘာလှည့်ခရီးသွားအများစု သွားရောက်သည့် နေရာများသို့ ပြေးဆွဲသည့် လေကြောင်းလိုင်းများကို ထပ်မံတိုးချဲ့ရေး အစီအစဉ်တစ်ရပ်အပါအဝင် ခရီးသွားဝန်ဆောင်မှုများ အဆင့်မြှင့်တင်ရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ထရီဆူလီ ထရီဆာရန် နာကူက ဆိုသည်။

လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအရေအတွက် လျော့နည်းလာသောကြောင့် ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်လာရေးအတွက် ကြိုးပမ်းခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။  ၂၀၂၀ ပြည့်နှစ် ပထမရှစ်လတာကာလအတွင်း ထိုင်းနိုင်ငံ၏ ပြည်တွင်းခရီးသွားလုပ်ငန်း မှ ဘတ် ၁၂၇ ဘီလီယံ ဝင်ငွေရရှိခဲ့သည်။

၂၀၁၉ ခုနှစ်တွင် နိုင်ငံခြားသားခရီးသွား အရေအတွက် သန်း ၄၀ နီးပါး လာရောက်လည်ပတ်ခဲ့ပြီး ဝင်ငွေအားဖြင့် ဘတ်ငွေ ၁ ဒသမ ၉၁ ထရီလီယံ ရရှိခဲ့သည်။ လာမည့်လအတွင်း ကာကွယ်ဆေးထိုးနှံပြီးသည့် နိုင်ငံခြားသား ခရီးသွားများအား ဖူးခက်နှင့် ဆာမူအီကျွန်းများသို့ လာရောက်လည်ပတ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား- စီအင်န်အေ

ဘာသာပြန်- အောင်ကျော်ကျော်