လာမည့် နွေရာသီအပြောင်းအရွှေ့တွင် တိုက်စစ်မှူး လူကာကူကို ခေါ်ယူဖွယ်ရှိနေသည့် ချယ်ဆီး

ပရီမီယာလိဂ်ကလပ် ချယ်ဆီးအသင်းသည် လာမည့်နှစ်တွင် ပရီမီယာလိဂ်ဖလားကို ဆွတ်ခူးနိုင်ရန် အတွက် စီးရီးအေချန်ပီယံ အင်တာမီလန်အသင်းမှ တိုက်စစ်ကစားသမား လူကာကူကို ယခုနှစ်နွေရာသီ အပြောင်းအရွှေ့ ကာလတွင် ပြန်လည်ခေါ်ယူလိုနေကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အင်တာမီလန်အသင်းကလည်း အသင်းမှ အသက် (၂၈)နှစ်အရွယ် တိုက်စစ်ကစားသမားကို ရောင်းထုတ်သွားဖွယ်ရှိနေသည့်အတွက် အဆိုပါ အပြောင်းအရွှေ့မှာ ဖြစ်မြောက်လာဖွယ်ရှိနေသည်။

ချန်ပီယံလိဂ်ဖလားကို မေ ၃၀ ရက်က ဆွတ်ခူးထားသည့် ချယ်ဆီးအသင်းသည် နည်းပြ တူချယ် လက်ထက်တွင် အသင်းလိုက်စုဖွဲ့မှု အားကောင်းလာသော်လည်း ခံစစ်ကိုအဓိကထား ပြုပြင်လုပ်ဆောင် ခဲ့သည့်အတွက် တိုက်စစ်ပိုင်း စွမ်းဆောင်ရည်တွင် နှစ်ဂိုးနှင့်အထက် သွင်းယူနိုင်သည့်ပွဲမှာ အနည်းငယ် သာ ရှိခဲ့သည်။ ထို့ကြောင့် နည်းပြ တူချယ်အနေဖြင့် လာမည့်နှစ်တွင် ပရီမီယာလိဂ်ဖလားကို ဆွတ်ခူး နိုင်ရန်အတွက် အသင်း၏ တိုက်စစ်ပိုင်းကို အဓိကထားလုပ်ဆောင်ရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

တူချယ်သည် စပါးအသင်းမှ တိုက်စစ်ကစားသမား ဟယ်ရီကိန်းကို ခေါ်ယူရန် ဆန္ဒရှိနေသော်လည်း ပြောင်းရွှေ့ကြေး မြင့်မားမှုကြောင့် ပျက်ပြယ်ဖွယ်ရှိနေသည်။ ထို့အပြင် ဒေါ့မွန်အသင်းမှ တိုက်စစ် ကစားသမား ဟာလန်း ကို ခေါ်ယူရန်လည်း စိတ်ဝင်စားနေသည်။ သို့သော်လည်း ချယ်ဆီးအသင်းသည် တိုက်စစ်မှူး လူကာကူကိုသာ ခေါ်ယူရန် အဓိကထားလုပ်ဆောင်ဖွယ်ရှိနေသည်။

တိုက်စစ်ကစားသမား လူကာကူသည် ယခုနှစ်ရာသီ စီးရီးအေတွင် အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ ၄၄ ပွဲ ကစားထားပြီး ဂိုး ၃၀ သွင်းယူပေးထားနိုင်သည်။ ထို့အပြင် လူကာကူသည် အင်တာမီလန် အသင်း ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း စီးရီးအေအမှတ်ပေးဖလား ဆွတ်ခူးရာတွင် အဓိက ကူညီပေးထား နိုင်သူဖြစ်သည်။ လူကာကူသည် ချယ်ဆီးအသင်းတွင် သုံးနှစ်ကြာ ကစားဖူးသူဖြစ်ကာ ၂၀၁၄ ခုနှစ် တွင် အဲဗာတန်အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ အင်တာမီလန်အသင်းသည် လူကာကူအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ သတ်မှတ်ထားသော်လည်း ချယ်ဆီးအသင်းက ပေါင်သန်း ၁၀၀ အောက်ဖြင့် ခေါ်ယူရန် ဆွေးနွေးသွားဖွယ်ရှိနေသည်။

ချယ်ဆီးအသင်းသည်လာမည့် ရာသီတွင် ဗဟိုကွင်းလယ်ကစားသမားတစ်ဦးနှင့် ခံစစ်ကစားသမား တစ်ဦးကိုလည်း ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်းသိရသည်။ ဝက်စ်ဟမ်းအသင်းမှ ရိုက်စ်သည် ချယ်ဆီး အသင်းက ခေါ်ယူရန်  ကာလရှည် ပစ်မှတ်ထားနေခြင်းဖြစ်သည်။ ပြီးခဲ့သည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် အသင်းလူစာရင်းမှ ချန်လှပ်ခံခဲ့ရသော အေဗရာဟမ် သည် ချယ်ဆီးအသင်းနှင့် လမ်းခွဲဖွယ် ရှိနေသည်။ ထို့အပြင် အသင်းမှ တိုက်စစ်ကစားသမား ဂျီရုဒ်သည် လာမည့်လတွင် အသင်းနှင့် စာချုပ် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး စတန်း ဖို့ဒ်ဘရစ်မှ ထွက်ခွာဖွယ်ရှိနေသည်။

အောင်ဇော်