လွိုင်ကော် မေ ၂၆

 

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ အခမ်းအနားကို အမှတ်(၂) အခြေခံပညာ အထက်အတန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးသည်။      

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ဆရာ ဆရာမများနှင့် ပညာရေး ဝန်ထမ်းများအတွက် ကျောင်းဝတ်စုံ၊ ချီးမြှင့်ငွေများ၊ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအတွက် အခမဲ့ကျောင်းသုံးပြဋ္ဌာန်းစာအုပ်နှင့် စာရေးကိရိယာများပေးအပ်ကာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒေသကွပ်ကဲရေးမှူးတို့က စီမံဝန်ထမ်းများ၊ အလယ်တန်းနှင့် မူလတန်း ကျောင်းသား ကျောင်းသူများအတွက် ဝတ်စုံစရိတ်၊ ချီးမြှင့်ငွေ၊ အခမဲ့ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များနှင့် စာရေးကိရိယာများကိုပေးအပ်ရာ တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူများက လက်ခံရယူကြသည်။

 

ယင်းနောက် လွိုင်ကော်မြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) လောဓမ္မ၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)