ကယားပြည်နယ် လွိုင်ကော်မြို့တွင် H1N1 ရာသီတုပ်ကွေးရောဂါဖြစ်သူ နှစ်ဦးတွေ့ရှိ

လွိုင်ကော် ၁၄ ဇူလိုင် 

 

ယခုအချိန်ကာလသည် တစ်နိုင်ငံလုံးတွင် H1N1 ရာသီတုပ်ကွေးရောဂါကြောင့် ဖျားနာခြင်း၊ အသက်ဆုံးရှုံးခြင်းများ ဖြစ်ပွားလျက်ရှိပြီး ရောဂါပိုးသံသယရှိသူများအား အထူးဂရုပြုစောင့်ကြည့်လျက်ရှိရာ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် H1N1 ရာသီတုပ်ကွေးရောဂါဖြစ်သူ နှစ်ဦးတွေ့ရှိကြောင်း ပြည်နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနမှ ယနေ့မွန်းလွဲ ၃ နာရီခွဲက ပြည်နယ်ကျန်းမာရေးရုံး အစည်းအဝေးခန်းမ၌ ပြောကြားသည်။

 

ရှေးဦးစွာ ကယားပြည်နယ်၊ ပြည်နယ်ကုသရေးနှင့် ကျန်းမားရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်မှ လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ရာသီတုပ်ကွေးရောဂါ(H1N1) တွေ့ရှိမှုနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် အဆိုပါရောဂါသည် မိုးရာသီနှင့်  ဆောင်းရာသီမှာ ကပ်ရောဂါအနေနဲ့ဖြစ်ပွား တတ်ပါကြောင်း၊ ၂၀၁၉ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ (H1N1) သံသယရှိသူ (၆၂၈)ဦး၊ ရောဂါတွေ့ရှိသူ (၂၄၄) ဦး၊ သေဆုံးသူ (၄၃)ဦး၊ အများဆုံးသေဆုံးသူမှာ ရန်ကုန်တိုင်း ဒေသကြီးတွင်(၃၅)ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင်(၃)ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် (၂)ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် (၂)ဦး၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွင်(၁)ဦး ရှိပါကြောင်း၊ ယနေ့ထုတ်ပြန်ချက်အရ လွိုင်ကော်မြို့တွင် ရောဂါပိုးတွေ့ရှိသူ (၂)ဦးရှိကြောင်း၊ အဆိုပါ(၂)ဦးမှာ ပန်ကန်းကျေးရွာအုပ်စု၊ စိုက်ကွင်း (၃)တွင်နေထိုင်သူ အသက်(၈)လသားအရွယ်နှင့်  အုပ်စု (၁၅) နာနတ်တောရပ်ကွက်တွင် နေထိုင်သူ အသက်(၁၂)နှစ်အရွယ် ကလေးငယ်များဖြစ်ကြောင်း၊ ကလေးငယ်နှစ်ဦး၏ ယခုအခြေနေမှာ စိုးရိမ်စရာမရှိတော့ကြောင်း၊ H1N1 ရာသီတုပ်ကွေးရောဂါသည် အသက်အန္တရာယ်ပါ ဆုံးပါးသွားနိုင်သည့်အတွက် အထူးဂရုပြုသင့်ပါကြောင်း၊ အဓိကအနေနဲ့ ရောဂါမဖြစ်အောင် ကာကွယ်ဖို့ နည်းလမ်းသိရှိဖို့ လိုအပ်ပါကြောင်း၊ ရောဂါဖြစ်လာခဲ့လျှင် စောစီးစွာ သေချာစနစ်တကျ ဆေးဝါးကုသမှု ခံယူပါက အသက်အန္တရာယ် စိုးရိမ်စရာမရှိနိုင်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

 

ဆက်လက်၍ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစိန်စိန်မှ H1N1ရောဂါ မဖြစ်ပွားအောင် နေထိုင်ရမည့်နည်းလမ်းများအား ရှင်းလင်းပြောကြာခဲ့ပြီးနောက် မီဒီယာများ၏ မေးမြန်းချက်များအပေါ်  ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

 

လွိုင်ကော်သား