ကုသရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ စုပေါင်း မိတ်ဆုံနေ့လယ်စားပွဲကျင်းပ

နေပြည်တော်  နိုဝင်ဘာ ၂၅

 

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန  နိုင်ငံ့ဝန်ထမ်းများ၏ မိသားစု မိတ်ဆုံ နေ့လယ်စာ စားပွဲကို ယနေ့မွန်းတည့် ၁၂ နာရီတွင် ကုသရေးဦးစီးဌာန(ရုံးချုပ်)၌ ကျင်းပသည်။

 

မိတ်ဆုံနေ့လယ်စာစားပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ မိတ်ဆုံစားပွဲများ ကျင်းပခြင်းဖြင့် ဝန်ထမ်းအချင်းချင်း ပိုမိုစည်းလုံးကာ ရင်းနှီးကြမည်ဖြစ်ကြောင်း၊ အထက်အောက် ညီညွတ်မျှတသည့် အုပ်ချုပ်မှု စနစ်မှသည် ပိုမိုနားလည်ချစ်ကြည်လာကာ လုပ်ငန်းများချောမွေ့မြန် ဆန်လာမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထုအား ကျန်းမာရေး ဝန်ဆောင်မှုပေးနေသည့် ဌာနဖြစ်သည် နှင့်အညီ ဦးစီးဌာနများရှိဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်များတိုးတက် ကောင်းမွန်အောင် ကြိုးပမ်းလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ပြောကြားပြီး ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကုသရေးဦးစီးဌာန(ရုံးချုပ်)ရှိဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့်အတူ နေ့လယ်စာ အတူတကွ သုံးဆောင်သည်။  

 

အဆိုပါ မိတ်ဆုံစားပွဲတွင် ဝါသနာရှင်ဝန်ထမ်းများက တေးသီချင်း/အကများဖြင့် ပါဝင်ဆင်နွှဲကြကာ ဝန်ထမ်းများအတွက်လည်း ကံစမ်းမဲဖောက်ခြင်း၊ ပျော်ရွှင်စရာ Game ကစားနည်းများဖြင့် ပျော်ရွှင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)