ကုန်းဝါး(ခေါ်) မျှင်ဝါးတစ်မျိုးထဲဖြင့်သာ ရက်လုပ်ရောင်းချသည့် ခြင်းလျားတောင်း ရောင်းအားကောင်းလျက်ရှိ

တောင်သာ ၂၄  ဇွန်  


    
မြင်းခြံခရိုင် တောင်သာမြို့နယ် တံတားကျေးရွာအုပ်စု အနောက်တံတားကျေးရွာမှ လက်မှုလုပ်ငန်းဖြစ်သည့် ခြင်းလျားတောင်းလုပ်ငန်း အောင်မြင်လျက်ရှိကြောင်း တံတားအနောက်ကျေးရွာမှ ခြင်းလျားတောင်းလုပ်ငန်း လုပ်ကိုင်လာသည့် အသက်(၇၀)အရွယ် ဦးသောင်းကြည် က ပြောပြသည်။


    
ခြင်းလျားတောင်း ရက်လုပ်ရာတွင် ယာစည်းရိုးနှင့် တောထဲတောင်ပေါ်တွင် ပေါက်ရောက်သည့် ကုန်းဝါး(ခေါ်) မျှင်ဝါးတစ်မျိုးထဲဖြင့်သာ ရက်လုပ်ရပြီး ခြင်းလျားတောင်းရက်လုပ်ရာတွင်လည်း ဝါးကြောအတိုင်းသာ ရက်လုပ်ရသည့်အတွက် အခြားဝါးများဖြင့် ရက်လုပ်သည်ထက် အရည်အသွေးပိုကောင်းကြောင်း၊ ကုန်းဝါးဖြင့် ရက်လုပ်သည့် ခြင်းလျားတောင်းအား နေပူပူထားထား၊ မိုးရွာမသိမ်းဘဲထားထား အကြမ်းခံခြင်းနှင့် တောင်းအနားသတ်များတွင်လည်း ဝါးဖြင့်သာ အနားသတ်ထားခြင်းကြောင့် ခိုင်ခန့်မှုကြာရှည်ခံကာ တောင်သာမြို့နယ်  အနောက်တံတားကျေးရွာမှထွက်ရှိသည့် ကုန်းဝါးနှင့်ရက်လုပ်သော ခြင်းလျားတောင်း နာမည်တစ်လုံးဖြင့် ဈေးကွက်အခိုင်အမာရခြင်းနေခြင်းဖြစ်ကြောင်း တောင်းရက်ခြင်းလုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းပြုနေသည့် ဦးကျော်မင်းကပြောပြသည်။

 

ကျွန်တော်တို့ရွာမှာ ခြင်းလျားတောင်းရက်ခြင်းလုပ်ငန်း လုပ်ကိုင်ကြသည့် အိမ်ခြေ(၁၅)အိမ်ခန့်ရှိကြောင်း ခြင်းလျားတောင်းအား နှစ်မျိုးထဲသာ ရက်လုပ်ပြီး ရောင်းချခြင်းဖြစ်ကြောင်း ခြင်းလျားတောင်းကြီးနှင့် တောင်းငယ်နှစ်မျိုးသာ ရက်လုပ်ကာ ဈေးကွက်အတွင်း ရောင်းချကြကြောင်း တောင်းကြီး ကျပ် ၃၅၀ဝ နှင့် တောင်းငယ် ကျပ် ၂၅၀ဝ ဖြင့်ရောင်းချကြောင်း သိရသည်။

 

ကုန်းဝါး ဝါးရလာလျှင် အစိုအတိုင်း ခွဲခြမ်းစိတ်ဖြာကာ မခြောက်ခင် ရက်လုပ်ရပြီး အများဆုံး ခြင်းလျားတောင်း လေးလုံးစာထိအများဆုံး ကုန်းဝါးရရှိကြောင်း တောတောင်၊ တောင်ကုန်းများတွင် ကုန်းဝါးရှာရတာလည်း မလွယ်ကူကြောင်း တောင်သာမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်နှင့် ငါ့သရောက်မြို့ ဘက်ခြမ်းများထိ သွားရောက်ရှာဖွေရကြောင်း ကုန်းဝါးရှာဖွေခုတ်ရာတွင် မရသည့်ရက်များလည်းရှိတတ်ကြောင်း နွေဦးပေါက်တွင် တောမီးရှို့ခြင်းများကြောင့် ကုန်းဝါး ဝါးရုံပင်များ တောမီးလောင်ခြင်းကြောင့် တဖြည်းဖြည်း ရှားပါးလာကြောင်း ဦးသောင်ကြည်ကပြောပြသည်။

 

အဆိုပါ ခြင်းလျားတောင်းများအား ကျောက်ပန်းတောင်း၊ တောင်သာ၊ ပခုက္ကူ၊ ငါ့သရောက်၊ ပုပ္ပားအရပ်များအထိ ရောင်းချရကြောင်းသိရပြီး တောင်သူတဘက်ဖြင့် ခြင်းလျားတောင်းလုပ်ငန်းပါ တွဲဘက်လုပ်ကိုင်ခြင်းကြောင့် မိသားစုစားဝတ်နေရေး တဘက်တစ်လမ်းမှ အပိုဝင်ငွေရရှိနေကြောင်း နှစ်ပေါင်း(၄၀)ခန့်ကတည်းက ခြင်းလျားတောင်း ရက်လုပ်ရောင်းချလာသည့် ဦးသောင်းကြည် က ပြောပြသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း

 

ကုအာ