ကသာမြို့နယ်မှ ထွက်ရှိသော လိမ္မော်သီးများကို ငွေကျပ် ၂၀၀ နှုန်းဖြင့် ရောင်းချ

ကသာ၊ ၁၈ ဇန်နဝါရီ

           

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် လိမ္မော်သီးများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချလျက် ရှိရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ဝယ်ယူစားသုံးသူများ အဆင်ပြေရန်အတွက် လိမ္မော်သီး တစ်လုံးလျှင် အမြင့်ဆုံး ငွေကျပ် ၂၀၀ နှုန်းဖြင့် ရောင်းချပေးကြောင်း သိရသည်။

           

လိမ္မော်ပင်များကို ကသာမြို့နယ်၊ မံလွဲကျေးရွာအနီးတွင် အပင်ပေါင်း ၇၀၀ ခန့် စိုက်ပျိုးထားကာ ခြံမှ ထွက်ရှိသည့် လိမ္မော်သီးများကို ကသာမြို့နယ်အတွင်း၌သာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

           

“ဒီလုပ်ငန်းကို လုပ်ကိုင်ခဲ့တာကြာပြီ။ ဒီခြံက ထွက်တဲ့ လိမ္မော်သီးတွေကို အလုံးအကြီးအသေး အပေါ် မူတည်ပြီးတော့ ရောင်းတယ်။ မနှစ်ကတော့ လိမ္မော်သီးတစ်လုံးကို အမြင့်ဆုံးငွေကျပ် ၃၀၀ အထိ ရောင်းရပေမဲ့ ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတာကြောင့် ဝယ်ယူစားသုံးသူတွေ အဆင်ပြေဖို့အတွက် လိမ္မော်သီး တစ်လုံးကို အမြင့်ဆုံးငွေကျပ် ၂၀၀ အထိသာ ရောင်းချပေးတယ်”လို့ လိမ္မော်ခြံပိုင်ရှင် ဦးကန်ဖန် က ပြောပြသည်။

           

ယခုနှစ်တွင် လိမ္မော်သီးများ ပိုမိုအောင်မြင်ဖြစ်ထွန်းပြီး ယခင်နှစ်ထက် ဈေးလျှော့ရောင်းချရသော်လည်း လိမ္မော်သီး ဝယ်ယူမှုများသည့်အတွက် အဆိုပါလုပ်ငန်းဖြင့် မိသားစုစားဝတ်နေရေးမှာ အဆင်ပြေလျက်ရှိကြောင်း လိမ္မော်ခြံပိုင်ရှင်ထံမှ သိရသည်။

 

ရဲအောင်(ကသာ)