နေပြည်တော် ဇူလိုင် ၂၇

 

နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုဘဝများကို ပျက်စီးစေပြီး လူ့ကျင့်ဝတ်သိက္ခာများ ထိခိုက်စေ၍ အများပြည်သူအကျိုးစီးပွားနှင့် အမျိုးသားလုံခြုံရေးကိုပါ အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ နိုင်ငံအတွင်း လုံးဝအခြေမချနိုင်သည်အထိ ထိထိရောက်ရောက် ရှာဖွေနှိမ်နင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ရာတွင် အသုံးပြုခဲ့ကြသည့် တရားမဝင် အဆောက်အအုံများ ပြန်လည်အသုံးမပြုနိုင်အောင်ကိုလည်း အပြီးတိုင် စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

 

ထိုကဲ့သို့ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်သူများ အခြေပြုနေထိုင်ခြင်း မရှိစေရန်နှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ဆောင်ရွက်ခြင်းမရှိစေရန်အတွက် တပ်မတော်စစ်ကြောင်းများက သက်ဆိုင်ရာနယ်မြေများအတွင်း မြေပြင်သတင်း ဖော်ထုတ်ပြီး တာဝန်သိဒေသခံပြည်သူများ၏  သတင်းပေးပို့၍ ပူးပေါင်းပါဝင်မှုနှင့်အတူ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများသည် ကျောက်ခတ်ဒေသအတွင်း တရားမဝင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အခြေချနေထိုင်လုပ်ကိုင်လျက်ရှိကြောင်း သတင်းအရ လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၂၅ ရက်တွင် အဆိုပါဒေသအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် သွပ်မိုး တစ်ထပ်အဆောက်အအုံ ခုနစ်လုံး၊ သွပ်မိုး သုံးထပ်အဆောက်အအုံ တစ်လုံးတို့အတွင်းမှ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ကိုင်နေကြသည့် တရုတ်နိုင်ငံသား အမျိုးသား ၆၂၀၊ အမျိုးသမီး ၁၁ ဦး၊ ထိုင်းနိုင်ငံသား အမျိုးသမီး သုံးဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၃၂ ဦး၊ အမျိုးသမီး ၁၁၁ ဦး စုစုပေါင်း ၇၇၇ ဦးတို့အား အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် star link ဗန်း တစ်ခု၊ ကွန်ပျူတာမျိုးစုံ ၈၅ လုံး၊ ဖုန်းမျိုးစုံ ၁၈၃ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်း လုပ်ကိုင်နေကြသူများအား ဖော်ထုတ်ဖမ်းဆီးရမိရေး တပ်မတော်စစ်ကြောင်းများအနေဖြင့် ဇူလိုင် ၆ ရက်မှစတင်၍ လေးကေ့ကော်တွင် လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ပြီး နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၉ ရက်တွင် ကရင်ပြည်နယ် မြဝတီမြို့နယ် ရသေ့ဂူကျေးရွာ၏ တောင်ဘက် မီတာ ၂၀၀၀ ခန့်အကွာသို့ အရောက်၌ လည်းကောင်း၊ ဇူလိုင် ၁၂ ရက်တွင် လေးကေ့ကော်၏ အရှေ့တောင်ဘက် မီတာ ၅၅၀၀ ခန့်အကွာသို့အရောက်၌ လည်းကောင်း၊ ဇူလိုင် ၁၆ ရက်တွင် လေးကေ့ကော်၏ အရှေ့တောင်ဘက်မီတာ ၈၆၀၀ ခန့်အကွာသို့အရောက်၌ လည်းကောင်း၊ ဇူလိုင် ၂၁ ရက်တွင် လေးကေ့ကော်၏ အရှေ့တောင်ဘက် မီတာ ၁၀၀၀၀ ခန့်အကွာသို့ အရောက်၌လည်းကောင်း၊ ဇူလိုင် ၂၅ ရက်တွင် မင်းလက်ပံကျေးရွာ၏ တောင်ဘက် မီတာ ၇၀၀၀ ခန့်အကွာ မြန်မာ-ထိုင်း နယ်စပ်အနီးသို့အရောက်၌လည်းကောင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများအား အခကြေးငွေရယူ၍ အကာအကွယ်ပေးထားသည့် KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အဆိုပါ တရားမဝင်အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများနှင့် ပါဝင်ပတ်သက်ကျူးလွန်သူများအား ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ 

 

ထိုသို့ ဆောင်ရွက်စဉ် အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များထံမှ အလောင်း ၁၃ လောင်း၊ လက်နက်မျိုးစုံ ကိုးလက်၊ ခဲယမ်းများ၊ အခိုင်အမာဆောက်လုပ်ထားသည့် ကွန်ကရစ်ဘန်ကာများ၊ လူနေတဲများနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည်။ 

 

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ခဲ့သည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အထူးအလေးထား၍ တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်