ကန်မြင့်ကျေးရွာတွင် ကြက်သွန်နီစိုက်ပျိုးသူများ ယခင်နှစ်ကထက် စျေးကောင်းရရှိသဖြင့် အဆင်ပြေလျက်ရှိ

ရမည်းသင်း မတ် ၁၅

 

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ကန်မြင့်ကျေးရွာတွင် ကြက်သွန်နီစိုက်ပျိုးသူများ ယခင်နှစ်ကထက် စျေးကောင်းရရှိသဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

“ကြက်သွန်နီစိုက်ပျိုးရာမှာ ကြက်သွန်စတင်ပျိုးထောင်ကာ ပျိုးသက်တစ်လခွဲသား ရက်ရှိလျှင် ကြက်သွန်စိုက်မည့်အခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးကြတယ်။ ကျွန်တော် ယခုနှစ်တော့ တစ်ဧကခွဲပဲ စိုက်တယ်။ မျိုးဖိုး၊ ရေပိုက်သွယ်တန်းခ၊ ဓာတ်မြေသြဇာဖိုး၊ ပိုးသတ်ဆေးဖိုး၊ အလုပ်သမားခ စုစုပေါင်း (၁၅)သိန်းခန့် ကုန်ကျကာ စိုက်ပျိုးပြီး သုံးလကျော်အကြာမှာ တူးဖော်ရောင်းချလို့ရတယ်” ဟု သိရသည်။

 

ကြက်သွန်ထွက်ရှိမှုတွင် တစ်ဧကခွဲကို ကြက်သွန်နီ ကုန်ချိန်ပိဿာ (၁၀၀၀၀)ခန့် ထွက်ရှိပြီး ယခင်နှစ်က ကြက်သွန်ဈေးမကောင်းခဲ့ဘဲ ယခုနှစ်တွင် ကြက်သွန်ဈေးကွက်ကောင်းသဖြင့် ကြက်သွန်နီတစ်ပိဿာကို ကျပ် ၆၅၀ ထိရောင်းရကြောင်း၊ ကုန်သည်များက အခင်းထိ လာရောက်ဝယ်ယူကြောင်း ကြက်သွန်နီစိုက်ပျိုးသည့် တောင်သူ ဦးညွန့်ဝင်းက ပြောသည်။

 

ခရိုင်(ပြန်/ဆက်)