မန္တလေး ၁၅ စက်တင်ဘာ 

 

ကျန်းမာသော လူနေမှု ဘဝပုံစံဖြင့် ဆီးချိုရောဂါကို ကာကွယ်ကုသခြင်း လူထုပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ၇၁ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြားရှိ မန္တလေးမြို့တော် စည်ပင်သာရေးကော်မတီ မြို့တော်ခန်းမ-၁၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။ 

 

အခမ်းအနားတွင် Zumba အဖွဲ့ သုံးဖွဲ့မှ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်သည်။ ထို့နောက် HCG အဖွဲ့မှ ဒေါက်တာ ရင်ထွန်းမှ ကိုယ်ပိုင်တီထွင်ထားသော ကိုယ်လက်လှုပ်ရှား အားကစားအကြောင်း ရှင်းလင်းပြောကြားပြီး HCG အဖွဲ့မှ သရုပ်ပြလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြသည်။ 

 

ယင်းနောက် ဆီချိုနှင့် ဟိုမုန်းဆိုင်ရာ Prof & Head ဒေါက်တာအေးအေးအောင်မှ ဆီးချိုနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများ ပြောကြားခြင်း၊ ဇီဝဖြစ်စဉ်ဆိုင်ရာ အာဟာရနှင့် ဆီးချိုဆေးပညာ သမားတော်ကြီး ဒေါက်တာသင်းသင်းလှိုင်မှ ကျန်းမာသော လူနေမှု ဘဝပုံစံဖြင့် ဆီးချိုရောဂါကို ကာကွယ်ကုသခြင်း ခေါင်းစဉ်ဖြင့် အသိပညာများဟောပြောခြင်း၊ Diabetasol Brand Manager မနီလာမိုးမှ Diabetasol ကုန်ပစ္စည်းအကြောင်း ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြကာ တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ဥက္ကဋ္ဌ ဒေါ်သီတာအောင်က ကံစမ်းမဲများ ဖောက်ပေးခဲ့ကြောင်း သိရသည်။

 

တင်ဇာလှိုင် (ပြန်/ဆက်)