ကျွန်းလှ ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး တစ်ဖက်တစ်လမ်းက မိသားစုဝင်ငွေရရှိရန်အတွက် အိုးလုပ်ငန်း စတင်လုပ်ကိုင်နေကြပြီဖြစ်ကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
“ကျွန်တော်တို့မိသားစုက တောင်သူလုပ်ငန်းပြီးတာနဲ့ အိုးလုပ်ငန်းလုပ်ကိုင်ကြပါတယ်။ အိုးလုပ်ငန်းလုပ်ကိုင်ရာမှာ လိုအပ်တဲ့ ရွှံ့မြေနဲ့ သဲကို ဒေသတွင်းက ရရှိပါတယ်။ အိုးလုပ်ရာမှာ သောက်ရေအိုးကို အဓိကထားလုပ်ကိုင်ကြပါတယ်။ ဒီနှစ် ကုန်ကြမ်းပစ္စည်းတွေ ဈေးမြင့်တက်သော်လည်း အိုးတစ်လုံး ငွေကျပ် ၅၀၀၀ ဈေးရှိတဲ့အတွက် အဆင်ပြေပါတယ်” ဟု ရှမ်းစုကျေးရွာ အိုးလုပ်ငန်းလုပ်ကိုင်သူ ဦးမောင်ထူးက ပြောသည်။
အိုးလုပ်ငန်း လုပ်ကိုင်ရာတွင် သောက်ရေအိုး၊ မီးသတ်အိုး၊ ထမင်းအိုး၊ ပေါင်းအိုး၊ ဟင်းအိုး၊ ပန်းအိုး၊ ဆီမီးခွက် စသည့်အသုံးပစ္စည်းများ လုပ်ကိုင်ကြပြီး ထွက်ရှိသောအိုးများကို ကျွန်းလှမြို့နယ်နှင့် ကန့်ဘလူမြို့နယ်သို့ ရောင်းချကြကာ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိကြကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)