ဧရာဝတီ မတ် ၁၁

 

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်၍ သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ငရုတ်သီးနှံကို မြေဩဇာကောင်းမွန်သည့် နုန်းမြေများတွင် စိုက်ဧက ၄၈၃ ဧကခန့် စိုက်ပျိုးထားရှိကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရပြီး ယခုအချိန်တွင် ငရုတ်သီးနှံများ ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။

 

ငရုတ်သီးကို အောက်တိုဘာလတွင် စိုက်ပျိုးပြီး လေးလခန့်အကြာတွင် စတင်ခူးဆွတ်ရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် မျိုးစေ့ကို ပျိုးထောင်၍ ပျိုးပင်သက်တမ်း ၃၀-၄၅ ရက်သားအရွယ်တွင် ပင်ခြား တစ်ပေခွဲ၊ တန်းခြား သုံးပေခြား၍ မြေချစိုက်ပျိုးရပြီး ကျောက်စိမ်းငရုတ်မျိုး၊ ဇီစွယ်(အောက်ဆွဲ) ငရုတ်မျိုးနှင့် မိုးကုတ်ငရုတ်မျိုးများကို အဓိကစိုက်ပျိုးကြကြောင်း၊ မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်အားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၁၀ သိန်းခန့် ကုန်ကျကြောင်း၊ ငရုတ်သီးကို တစ်ပတ်ခြားတစ်ကြိမ် ခူးဆွတ်ရပြီး တစ်ဧကလျှင် ငရုတ်သီး (အစို) ပိဿာချိန် ၁၂၀၀ - ၁၅၀၀ ကျော်ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရောင်းချမှုအပြင် ပွဲစားများမှ စိုက်ခင်းသို့ လာရောက်ဝယ်ယူ၍ ပွဲစားများမှတစ်ဆင့် ရန်ကုန်နှင့် ပုသိမ်မြို့တို့သို့ တင်ပို့ရောင်းချကြောင်း၊ ငရုတ်သီးဈေးနှုန်းကောင်းမွန်သည့်အတွက် တောင်သူများ အမြတ်ရရှိကြောင်း သိရသည်။

 

DOCA (ဧရာဝတီ)