ကျွန်းစု၊ ၁၈ ဒီဇင်ဘာ
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ သဲချောင်းကျေးရွာအုပ်စု၊ ဝဲကျွန်းကျေးရွာ၊ ပဲ့ကလက်အလုပ်စခန်း အနီးတွင် ဝစီပျောက် ငါးကြီးတစ်ကောင် သေဆုံးကာ ရေပေါ်မျောနေကြောင်း ဒီဇင်ဘာ ၁၆ ရက်နေ့ ညပိုင်းက ဒေသခံတစ်ဦးမှ သတင်းပေးပို့လာခဲ့ပြီး ကျွန်းစုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးညီညီလင်းထွဋ်နှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
သေဆုံးနေသောငါးသည် ဝဲကျွန်းကျေးရွာနှင့် ရေမိုင် (၀ ဒသမ ၅) မိုင်ခန့်အကွာတွင် ရှိသော ပဲ့ဂလက်အလုပ်စခန်း အနီးရေပြင်တွင် ပြင်ပလက္ခဏာ စစ်ဆေးတွေ့ရှိချက်အရ ဦးခေါင်းနောက် ကျောပြင်အပိုင်းတွင် ရှစ်လက်မခန့်ရှိ တစ်စုံတစ်ခုနှင့် ထိုးခွဲထားသော ဒဏ်ရာတစ်ချက်တွေ့ရှိရပြီး လွန်ခဲ့သော ၆ ရက်ခန့်က သေဆုံးခြင်း ဖြစ်နိုင်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးညီညီလင်းထွဋ်က ပြောသည်။
အဆိုပါ ငါးကို ဝဲကျွန်းရွာအနီး သင်္ချိုင်းတောင်ကျွန်းသို့ ဆွဲယူစစ်ဆေးခဲ့ရာ အရှည် ၂၆ ပေ၊ လုံးပတ် ၁၂ ပေခန့် ရှိသော ဝေလငမန်း (Whale Shark) မျိုးနွယ်ဟု ခန့်မှန်းရ (ဒေသအခေါ် ဝစီပျောက်ငါး) အမတစ်ကောင်ဖြစ်ပြီး ၎င်းကျွန်းရှိ သဲသောင်ကမ်းခြေ၌ ဒီရေကျချိန်တွင် စနစ်တကျ မြေမြှုပ်ခဲ့ကြောင်း သိရသည်။
သတင်း - စည်သူရအောင်(ကျွန်းစု)


