ကန့်ဘလူမြို့နယ်၌ မိုးမြေပဲများ စတင်နုတ်သိမ်း

ကန့်ဘလူ စက်တင်ဘာ ၁၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် မိုးသီးနှံအဖြစ် စိုက်ပျိုးထားသော မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး မြေပဲအထွက်နှုန်းကောင်းနိုင်ကာ အကျိုးအမြတ်များနိုင်ကြောင်းနှင့် ယခုအခါ စတင်နုတ် သိမ်းနေပြီဖြစ်ကြောင်း သိရသည်။

 

မိုးမြေပဲ စိုက်ပျိုးရာတွင် တစ်ဧကလျှင် မျိုး(ဒေသမျိုး) တစ်တင်းခွဲ စိုက်ပျိုးရပြီး စိုက်ပျိုးစရိတ်၊ အလုပ်သမားခများ၊ မြေဩဇာနှင့် ပိုးသတ်ဆေးဖိုးများ အပါအဝင် စုစုပေါင်း ကျပ် ၁၈၀၀၀၀ ခန့် ကုန်ကျကြောင်း၊ ကဆုန်လက စတင်စိုက်ပျိုးခဲ့ပြီး ယခု တော်သလင်းလတွင် နုတ်သိမ်းနေပြီဖြစ်ကာ တစ်ဧကလျှင် မြေပဲ တင်း ၃၀ မှ ၄၀ ခန့်အထိ ထွက်ရှိနိုင်ကြောင်း၊ ယခုနှစ်တွင် မြေပဲဆန် တစ်တင်းလျှင် ကျပ် ၅၁၂၀၀ ခန့်စျေးရှိနေ၍ တောင်သူများ အကျိုးအမြတ်များနိုင်ကြောင်း မြေပဲစိုက်ပျိုးသူ တောင်သူများထံမှ သိရသည်။

 

mdn

 

ကန့်ဘလူမြို့နယ်အတွင်း  ရွက်ကြမ်း၊ ပိုးဇာကုန်း၊ မှန်သာ၊ အင်းလယ်ကြီး၊ ဂါးထာ၊ ဆည်ကြီး၊ ကာဘိုး၊ အောင်ချမ်းသာ၊ ယင်းတိုက်၊ လိတ္ထူ၊ ကိုင်းတော၊ အင်ကြင်းစု၊ အလယ်ခုံ၊ မယ်ဇတော၊ မလယ်၊ ကျေးတော စသည့်ကျေးရွာများတွင် မိုးသီးနှံအဖြစ် မြေပဲကို အဓိက စိုက်ပျိုးကြပြီး ကျန်ကျေးရွာများတွင်လည်း စိုက်ပျိုးခဲ့ကြကြောင်း၊ ကန့်ဘလူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံမြေပဲကို ၅၁၅၀၉ ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ လျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် ယခင်နှစ်ကာလတူမှ စိုက်ပျိုးဧကထက် ၁၂၉၈ ဧက  ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

                  

အောင်ဝင်းငြိမ်း(ကန့်ဘလူ)