ကွမ်းခြံကုန်း၊  ၄   ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့မဈေးကော်မတီဝင်များ၊ ဈေးတာဝန်ခံရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဒီဇင်ဘာ  ၃  ရက် နံနက်ပိုင်းက  မြို့မဈေးကြီးအတွင်း စစ်ဆေး ဆောင်ရွက်ကြသည်။

 

အဆိုပါ ပူးပေါင်းစစ်ဆေးဆောင်ရွက်မှုကို မြို့နယ်မီးသတ်စခန်း တာဝန်ခံ ဦးမြတ်သူထိုက်၊ မြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဦးမြင့်ဦးတ ဦးဆောင်၍  မြို့မဈေးကြီးအတွင်း ရေငုတ်ပိုက်လိုင်းများ သွယ်တန်းထားရှိမှုနှင့်  ဈေးအဝင်လမ်း အထွက်လမ်းများကို စစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးများ ထားရှိမှုနှင့်  ဈေးဆိုင်ပိုင်ရှင်များအား လျှပ်စစ်မီးအသုံးပြုရာတွင် ပေါ့ဆစွာအသုံးမပြုရန် ပညာပေး ဆွေးနွေးခဲ့ပြီး လျှပ်စစ်ဝိုင်ယာကြိုးများ သွယ်တန်းထားရှိမှုများကို စစ်ဆေးကြသည်။

 

မြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက်  သက်ဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ နှိုးဆော်အသိပေးခြင်း၊ ပညာပေးဆွေးနွေးခြင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ စွမ်းရည်ပြည့်ဝစေရန်   လေ့ကျင့်ပညာပေးခြင်း လုပ်ငန်းများအား စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည်။

ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)