ဒီပဲယင်း ၂၃ အောက်တိုဘာ
ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ ဆက်လက်ပေးပို့ လှူဒါန်းလျက်ရှိရာ အောက်တိုဘာ ၂၁ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ထိုသို့လှူဒါန်းတွင် ကမ္ဘောဇဘဏ် (ရေဦးမြို့ဘဏ်ခွဲ) တာဝန်ခံ ဒုတိယမန်နေဂျာ ဒေါ်သီတာဝင်းနှင့် ဝန်ထမ်းများက ပိုးတွေ့လူနာများနှင့် ၎င်းတို့အား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေကြသည့် ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆေးရုံသုံး Mask ၁၀၀၀၀၊ ခေါင်းစွပ် ၅၀၀၊ လက်အိတ် ၃၀၀၀၊ မျက်နှာအကာ Face Shield ၂၀၀၊ Hand Gel ဘူးကြီး ၂၀၀၊ PPE ဝတ်စုံ ၃၀၊ မျက်မှန် ၃၀ နှင့် ဆေးရုံကြီးအတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်ကာလ အထွေထွေအသုံးပြုနိုင်ရန် ငွေကျပ် သိန်း ၅၀ တို့ကို ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပေးအပ်လှူဒါန်းရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဒေါ်စန်းလှိုင်နှင့် ဆရာဝန်၊ သူနာပြုများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားခင် ဖေဖော်ဝါရီ ၂၆ ရက်မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငွေကျပ် ၇၇,၉၃၆ သိန်း လှူဒါန်းထားကြောင်း သိရသည်။
ကိုကျော်


