ဇန်နဝါရီ ၁၅
ကမ္ဘောဒီးယားနိုင်ငံရှိကလေးငယ်နှစ်သန်းနီးပါးသည် ရာသီဉတုဆိုးရွားသောဒေသများ အဓိကအားဖြင့် ကျေးလက်ဒေသများတွင် နေထိုင်လျက်ရှိကြောင်း ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။
ကလေးများ၏ရာသီဉတုအန္တရာယ်အညွှန်းကိန်းခေါင်းစဉ်တွင် နိုင်ငံအတွင်းရှိကလေးဦးရေ၏သုံးပုံတစ်ပုံခန့်သည် မိုးခေါင်ရေရှားမှုအခြေအနေများနှင့်ကြုံတွေ့နေရပြီး ကလေးထက်ဝက်ကျော်သည် ပူပြင်းမှု၊ လေပြင်းတိုက်မှုနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများခံစားနေရကြောင်း ဖော်ပြထားသည်။
နိုင်ငံအတွင်းရှိ ကလေးထက်ဝက်နီးပါးသည် မြစ်ရေကြီးမှုဒဏ်ခံရပြီး ကလေးဦးရေထက်ဝက်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏လမ်းညွှန်ချက်ထက်ကျော်လွန်သော လေထုညစ်ညမ်းမှုအဆင့်လွန်ကဲစွာထိတွေ့နေရသည်ဟု ထပ်လောင်းဖော်ပြထားသည်။
ကမ္ဘောဒီးယားနိုင်ငံသည် ရာသီဉတုနှင့် သဘာဝပတ်ဝန်းကျင်အန္တရာယ်မြင့်မားမှုရှိသည့် ဒေသများတွင်နေထိုင်သော ကလေးများရှိသည့် ထိပ်တန်းနိုင်ငံများအနက် တတိယမြောက်နိုင်ငံဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို